News

POST TYPE

POLITICAL

ငြိမ်းချမ်းရေးမရှိက စီးပွားရေး ပြိုသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
15-Aug-2016

ငြိမ်းချမ်းရေး မရှိသည်နှင့် စီးပွားရေးလည်း ပြိုသွားနိုင်သည့်အတွက် ငြိမ်းချမ်းရေးသည် အဓိက အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ယနေ့ (သြဂုတ် ၁၅ ရက်) နံနက် ၁၀ နာရီက ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးရှိမှ ကျွန်မတို့ ပြည်သူလူထုရဲ့ စိတ်နှလုံးချမ်းသာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်သူလူထု တိုးတက်နိုင်မှာ။ ရေရှည်မှာ ငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လိုစီးပွားရေးကိုမှ ထိန်းသိမ်းထားနိုင်မှာ မဟုတ်ပါဘူး။ စီးပွားရေး ဘယ်လောက်ပဲ တိုးတက်တိုးတက် ငြိမ်းချမ်းရေး မရှိတာနဲ့ စီးပွားရေးကလည်း ပြိုသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့အတွက် အဓိက အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ငြိမ်းချမ်းရေးသာ အရေးကြီးသည်ဆိုခြင်းအတွက် စီးပွားရေး၊ လူမှုတိုးတက်ရေးကို လစ်လျှူရှုထားမည် မဟုတ်ကြောင်း၊ တစ်ချိန်တည်းတွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။