News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံ သတ်မှတ်ထားသည့်အတိုင်း ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ သဘောတူ
14-Aug-2016

ရန်ကုန်၊ သြဂုတ် ၁၃

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစု ပင်လုံညီလာခံကို သတ်မှတ်ထားသည့်အတိုင်း သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ကြား နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်သည့် အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့သည်။

နိုင်ငံရေးဆိုင်ရာ မူဘောင်သုံးသပ်သည့် အစည်းအဝေးကို သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို(NRPC)ရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ၂၁ရာစု ပင်လုံညီလာခံကို သတ်မှတ်ထားသည့်ရက်တွင် ကျင်းပရန် သဘောတူခဲ့ပြီး အပစ်ရပ်လက်မှတ်ရေးထိုးရခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်များ ပြည်ထောင်စုငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)တွင် ပါဝင်ခွင့်ရရေး အစိုးရထံတောင်းဆိုထားကြောင်း အစည်းအဝေးတက်ရောက်လာသည့် UNFC မှ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။

UPDJC တွင် အပစ်ရပ်မထိုးထားသည့် အဖွဲ့များ ပါဝင်ခွင့် ရရှိပါက ၂၁ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရန် အခြေအနေ ပိုမိုကောင်းမွန်သွားမည်ဖြစ်ကြောင်း ခူဦးရယ်က ဆိုသည်။

"ညီလာခံမှာ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေက ထဲထဲဝင်ဝင် ပါချင်ပါတယ်။ ပါဝင်မယ့် နည်းလမ်းတွေကို ဆွေးနွေးကြတာပေါ့။ အားလုံးသာတူညီမျှပါဝင်ဆွေးနွေးခွင့်ရမယ့် ညီလာခံမျိုး ဖြစ်ချင်ပါတယ်"ဟု ၎င်းက ဆိုသည်။

အပစ်ရပ်မထိုးထားသည့် လက်နက်ကိုင်များ UPDJC ကော်မတီတွင် ပါဝင်ရေးကို လာမည့်သြဂုတ် ၁၅ ရက်နှင့် ၁၆ရက်တွင် နေပြည်တော်၌ ကျင်းပမည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်သွားနိုင်မည် ဖြစ်ကြောင်း ၂၁ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြားသည်။

"အားလုံးပါဝင်ရေးကို အစိုးရက ကိုင်ဆွဲပြီးတော့ ညှိနှိုင်းနေပါတယ်။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးမယ့်လမ်းကြောင်းကို ဆက်ဖွင့်ထားပြီး ဆွေးနွေးနေပါတယ်"ဟု ဦးလှမောင်ရွှေက ဆိုသည်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်သည့် အစည်းအဝေးတွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

မူဘောင်သုံးသပ်သည့်အစည်းအဝေးသို့ အပစ်ရပ်မထိုးထားသည့် လက်နက်ကိုင် များမှ UNFC ကိုယ်စားပြုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၊ မိုင်းလားဒီမိုကရက်တစ်မဟာမိတ်(NDAA)တို့ တက်ရောက်ခဲ့ကြပြီး '၀' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရခိုင့်တပ်မတော်(AA)နှင့် ကိုးကန့်တို့ တက်ရောက်ခဲ့ကြခြင်းမရှိပေ။