News

POST TYPE

POLITICAL

ကမ္ဘာ့ဘဏ်မှ ဒေါ်လာ သန်း ၁၀၀ ချေးယူရေး လွှတ်တော်ကိုယ်စားလှယ်အချို့ သဘောမတူ
12-Aug-2016 tagged as ချေးငွေ

ရန်ကုန်၊ သြဂုတ် ၁၂

မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရန် အစိုးရက တင်ပြမှုအပေါ် သဘောမတူကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးပြောဆိုသည်။

နိုင်ငံတကာချေးငွေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အစိုးရယန္တရား တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အထောက်အပံ့ မဖြစ်စေဘဲ နိုင်ငံကို ကြွေးမြီတင်စေခြင်းသာ ဖြစ်စေကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ စီးပွားရေးပညာရှင် သန်းစိုး (ဘောဂဗေဒ) က ပြောဆိုသည်။ 

စီးပွားရေး ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံခြင်း မဟုတ်ဘဲ ထောက်ပံ့ငွေ ချေးငွေသည် နိုင်ငံအတွက် ထောင်ချောက်တစ်ခု ဖြစ်စေပြီး အစိုးရ အသုံးစရိတ်များကို နိုင်ငံတကာချေးငွေနှင့် ဖြည့်တင်းထားခြင်းသည် အန္တရာယ်ရှိကြောင်း ကမ္ဘာကျော် စီးပွားရေးပညာရှင်များ၏ ပြောဆိုမှုများကို ၎င်းက ဆိုသည်။

ယခုချေးယူမည့် ဒေါ်လာ သန်း ၁၀၀ အနက် သန်း ၆၀ ကို ဝန်ထမ်းများ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများအတွက် ဘက်ဂျက်လိုငွေ ရှိနေခြင်းကို ဖြည့်တင်းရန် ချေးယူခြင်း ဖြစ်သည်။

ယင်းအပြင် ကျန်ငွေများကို ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲရန် လျာထားကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသည့်စာတွင် ဖော်ပြထားသည်။

မင်္ဂလာဒုံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းကလည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေနှင့် ပြည်ပကြွေးမြီ ဒေါ်လာသန်းကိုးထောင်ကျော် တင်ရှိနေပြီး ကြွေးဟောင်းဆပ်ရန် နည်းလမ်းရှာမရသေးခင်တွင် ကြွေးသစ်ယူခြင်း ကိစ္စသည် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မိမိတို့ ပြည်သူများနှင့် အစိုးရကသာ စီးပွားရေး ပုံစံများကို ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံတကာမှာ ချေးငွေကြောင့် တိုးတက်သွားတဲ့နိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး၊ ကိုယ့်နိုင်ငံရဲ့ စီးပွားရေး ပုံစံတွေကို ကိုယ့်ဘာသာ ပြုပြင်၊ ကိုယ့်နိုင်ငံရဲ့ တိုးတက်ရေးကို ကိုယ့်ဟာကိုယ် ကြိုးစားပြီးတော့ လုပ်မှသာလျှင် ဒီနိုင်ငံက တိုးတက်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်လှိုင်ဝင်းက ဆိုသည်။

ကမ္ဘာ့ဘဏ်မှ ချေးယူမည့် အစီအစဉ်သည် ဆိုင်းငံ့ကာလ ၆ နှစ်နှင့် ပြန်ဆပ်ကာလ ၃၂ နှစ် ဖြစ်ပြီး ၃၈ နှစ် အတိုးမဲ့ချေးငွေ ဖြစ်သည်။ ဝန်ဆောင်ခအဖြစ် တစ်နှစ်လျှင် သုည ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ဆိုင်းငံ့ကာလ ၆ နှစ် ပြီးမှသာ အရင်းငွေကို တစ်နှစ်လျှင် နှစ်ကြိမ်ခွဲကာ ပြန်လည်ဆပ်ရမည် ဖြစ်သည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ကိုယ်စားလှယ် ခုနစ်ဦးက ဆွေးနွေးခဲ့ကြပြီး ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင် အပါအဝင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလွင်ကိုလတ်တို့က ချေးငွေရယူရေးကို ထောက်ခံခဲ့ကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အနေနှင့် လာမည့် အစည်းအဝေးများတွင် ပြန်လည်ရှင်းလင်းတင်ပြမည် ဖြစ်ပြီး ချေးယူသင့်၊ မသင့်ကိုလည်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်မည် ဖြစ်သည်။