News

POST TYPE

POLITICAL

မူမပြင်ဘဲ လူပြင်ထားသောကြံ့ခိုင်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မည်ဟုဆို
12-Aug-2016 tagged as

နေပြည်တော်၊ ဩဂုတ် ၁၁

ကြံ့ခိုင်ရေးပါတီသည် မူဝါဒပြင်ဆင်စရာမလိုသောကြောင့် လူများကိုပြုပြင်ပြောင်းလဲ၍ ယခုလကုန်၌ ပါတီညီလာခံပြုလုပ်ကာ ၂၀၂၀ ရွေးကောက်ပွဲကို အောင်နိုင်ရေးအတွက်ပြင်ဆင်သွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ(လ၀ကဝန်ကြီးဟောင်း)က ပြောကြားသည်။

ယင်းပါတီသည် ယခုလ ၈ ရက်မှ ယနေ့ (၁၁ ရက်) အထိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ပါတီဥက္ကဋ္ဌ ဦး သိန်းစိန်ခေါင်းဆောင်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မီဒီယာများကို အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
"မူပြင်စရာမလိုဘူး။ လူကိုပြင်ရမယ်။ လူကတော့ပြင်ဖို့ လိုတယ်"ဟု ၎င်းကပြောသည်။

လူပြင်ဆင်နိုင်ရေးကို မေလမှစ၍ ရပ်ကွက်၊ ကျေးရွှာ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ပြည်နယ် အသီးသီး၌ ပြင်ဆင်ရွေးချယ်ပွဲများပြုလုပ်ခဲ့သောကြောင့် ယခုလ ၂၀ရက်တွင်ပြုလုပ်သွားမည့် ပါတီညီလာခံတွင် လူပြင်ရေးကို အဓိကထားပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးခင်ရီက ရှင်းပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲအရေအတွက် ခုနစ်သန်းခန့်ရရှိခဲ့သောကြောင့် ၎င်းတို့ပါတီကို ထောက်ခံသော ပြည်သူရှိနေသေးသည့်သဘောဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆို သည်။

လေးရက်ကြာပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစုအဖွဲ့ လေးစုခွဲ၍ စာတမ်းပြုစုရန် လုပ်ဆောင်ခဲ့ပြီး ပါတီညီလာခံတွင် တစ်စုတည်းပေါင်းသောသဘောတူညီချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီ က ပြောကြားသည်။

ယင်းအပြင် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ဆောင်ချက်သည်ကောင်းမွန်သောကြောင့် အောင်မြင်မှု ရရှိမည်ဟု ပြောလိုကြောင်း ၎င်းက ဆိုသည်။

  • TAGS