News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်/ချုပ် တွေ့ဆုံ၍ တိုက်ပွဲများရပ်ဆိုင်းရေး ဆွေးနွေး

ရန်ကုန်၊ ဩဂုတ် ၈

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဩဂုတ်လ ၈ ရက်  မွန်းလွဲပိုင်းက  နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမတွင်တွေ့ဆုံ၍ လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

ယင်းတွေ့ဆုံမှုသည် ယနေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီခွဲချိန်အထိ အချိန်နှစ်နာရီကြာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတွေ့ဆုံပွဲ၌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သိရသည်။

ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းရာ တပ်မတော်နှင့် ဆက်လက်ညှိနှိုင်းစရာများ ကျန်နေသေး သည့်အတွက် လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်ထက် ပိုမပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။

“လောလောဆယ်က ဒီလောက်ပဲပြောလို့ ရသေးတယ်။ အဲဒါကြောင့် ဒီလောက်လေးပဲ သတင်းထုတ်ပြန်ထားတာပါ။ ဆက်ပြီးတော့ ဟိုဘက်ဒီဘက် ညှိရမှာတွေ ရှိသေးလို့ပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံစဉ်က  တပ်မတော်အနေနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးကြေညာ၍ မြေပြင်ထိုးစစ်များ ရပ်တန့်ပေးရေး လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြကြောင်း ယင်းလက်နက်ကိုင်များထံမှ သိရသည်။

အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ ပါဝင်မည့် ၂၁ ရာစု ပင်လုံညီလာခံကို ယခုလကုန် ဩဂုတ်လ ၃၁ ရက်တွင် စတင်ကျင်းပရန် သတ်မှတ်ထားရာ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်အစိုးရပိုင်းမှ ဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ကြရန် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သော အစည်းအဝေးတွင် အဖွဲ့ဝင်များကို ပြောကြားခဲ့သည်။