News

POST TYPE

POLITICAL

တပ်မတော်ကို ပြင်းထန်သည့် ဝေဖန်မှုများ မလုပ်တော့ဟု သူရဦးတင်ဦး ပြောကြား
08-Aug-2016

ရန်ကုန်၊ သြဂုတ် ၈

တပ်မတော်အပေါ် ပြင်းထန်သည့် ဝေဖန်မှုများ ဆက်လက်ပြုလုပ်တော့မည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

သြဂုတ်လ ၈ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဓမ္မပီယ သာသနာ့ရိပ်သာတွင် ပြုလုပ်သော ၂၈ ကြိမ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ၎င်းက ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

ယခင်က တပ်မတော်သားဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး အတိုက်အခံအဖြစ် ရပ်တည်စဉ် တစ်လျှောက်လုံးတွင် တပ်မတော်အပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် ရှေ့ဆက်သွားရမည့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ အချင်းချင်း သဟဇာတဖြစ်ရေး၊ ငြိမ်းချမ်းသောနည်းကို ဆောင်ရွက်ရေး၊ နားလည်ခွင့်လွှတ်သည့် နည်းလမ်းများ ဆောင်ရွက်ရေး စသည့် မူဝါဒများကြောင့် တပ်မတော်ကို ဝေဖန်မှု ပြင်းပြင်းထန်ထန် ပြုလုပ်တော့မည် မဟုတ်ကြောင်း သူရဦးတင်ဦးက ဆက်လက်ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ တပ်မတော်နဲ့ ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေတော့ လုပ်တော့မှာ မဟုတ်ပါဘူး။ ရှေ့ကို ဆက်လက်ပြီးတော့ ပြည်သူလူထုနဲ့ တစ်သားတည်း ပြန်ဖြစ်လာမယ့် ကိစ္စရပ်တွေမှာသာ ဆောင်ရွက်သွားတော့မှာပါ” ဟု ၎င်းက ဆိုသည်။

ယခုအချိန်တွင် အသက် ၉၀ နှစ် ရှိပြီဖြစ်သည့် သူရဦးတင်ဦးသည် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရာထူးအထိ ထမ်းဆောင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် အငြိမ်းစား ပေးခံခဲ့ရသည်။

၁၉၈၈ အရေးအခင်းကာလများ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဋ္ဌတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် ပါတီ၏ နာယကတစ်ဦးအဖြစ် တာဝန်ယူထားသည်။        

  • VIA