News

POST TYPE

POLITICAL

ကြားဖြတ်တွင် ဖိအားပေး မဲထည့်ခိုင်းခြင်းများ မဖြစ်ရန် SNLD ညွှန်ကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး ပြည်သူများကို ဖိအားပေး မဲထည့်ခိုင်းခြင်း ကဲ့သို့သော ကိစ္စရပ်များ မဖြစ်စေရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေနှင့် ညွှန်ကြားဆောင်ရွက်လျက် ရှိကြောင်း ယင်းပါတီထံမှ သိရသည်။ 

“ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့ ဥပဒေဘောင်ထဲက နေပြီးတော့ လုပ်ကိုင်ဖို့၊ ပြောဆိုနေထိုင်ကြဖို့အတွက် ညွှန်ကြားထားတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပေါင်းပြီးတော့ မဲထည့်ခိုင်းတယ် ဆိုတာမျိုးကို မလိုလားဘူး။ လူထုကိုတော့ ကျွန်တော်တို့ကို မဲထည့်ကြဖို့တော့ မဲဆွယ်တာမျိုးတော့ လုပ်တာပေါ့” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောကြားသည်။ 

ရှမ်းပြည်နယ်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ဆန္ဒအမှန်ကိုသာ မျှော်လင့်သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားမှုများ ပြုလုပ်ရခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်လိမ့်မည်ဟုလည်း ယုံကြည်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် ရှစ်နေရာ ရှိသည့်အနက် SNLD အနေနှင့် ခုနစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အဓိက ယှဉ်ပြိုင်ရမည့်ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တစ်ခုသာ ရှိကြောင်း ဦးစိုင်းညွှန့်လွင်က ဆိုသည်။

SNLD ပါတီ အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ကျိုင်းတုံမြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်များတွင် အမည်စာရင်း တင်သွင်းထားပြီး ရွေးကောက်ခံရာတွင် သတ်မှတ်ထားသည့် ဥပဒေ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် တိတိကျကျ ညွှန်ကြားထားကြောင်း ကျေးသီးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် SNLD ပါတီဝင်က ဆိုသည်။

မိုင်းရှူးနှင့် ကျေးသီးမြို့နယ်တို့သည် ၁၉၀၀ ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင်သာ ရွေးကောက်ပွဲ ကျင်းပခွင့်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် နယ်မြေမငြိမ်းချမ်းမှုကြောင့် ရွေးကောက်ပွဲ ကျင်းပခွင့် မရခဲ့ပေ။

ရွှေဖူးခင်