News

POST TYPE

POLITICAL

ပါတီစည်းကမ်း လိုက်နာခြင်း မရှိဟုဆိုသော NLD ပါတီဝင် ၁၂ ဦးကို ရာသက်ပန် ထုတ်ပယ်
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှ မြို့နယ် ဒုဥက္ကဋ္ဌ အပါအဝင် NLD ပါတီဝင် ၁၂  ဦးကို ပါတီစည်းကမ်း လိုက်နာခြင်း မရှိ၍ဟုဆိုကာ ရာသက်ပန် ထုတ်ပယ်လိုက်ကြောင်း NLD ပါတီထံမှ သိရသည်။

ရမည်းသင်းမြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးကျော်သန်း အပါအဝင် စုစုပေါင်း ၁၂ ဦးသည် ပါတီစည်းကမ်း လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဆိုသည်။

''အဲ့ဒီလူတွေကို ပါတီစည်းကမ်းအရ အရေးယူဖို့ဆိုပြီး မန္တလေးတိုင်း NLD ကနေ ရမည်းသင်းမှာ ဖြစ်တဲ့ဟာတွေ သွားစစ်တယ်။ စစ်တော့ စည်းကမ်းဖောက်တာတွေ တွေ့ရတယ်။ သူတို့တွေက NLD ကို ပြန်လာဖို့အကြောင်း မရှိတော့ဘူး''ဟု ဦးဝင်းထိန်က ပြောသည်။

 ၂ဝ၁၅ ရွေးကောက်ပွဲ ကာလ၌ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္တီလာ စသည့် မြို့များတွင် NLD ပါတီသည် ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီကို ရှုံးနိမ့်ခဲ့သော မြို့နယ်များလည်းဖြစ်ပြီး အခြားမြို့များတွင်လည်း စည်းကမ်း လိုက်နာခြင်း မရှိသော ပါတီဝင် အချို့ကို ထုတ်ပယ်ခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။

''အောင်နိုင်ရေးကာလမှာ ပခုက္ကူ မှာ ထုတ်ပယ်ခဲ့တာတွေ ရှိတယ်။ မကွေးတိုင်းက အချို့ မြို့နယ်တွေမှာလည်း ထုတ်ပယ်ခဲ့တာတွေလည်း ရှိတယ်''ဟု ဦးဝင်းထိန်က ဆက်လက် ရှင်းပြ ပြောဆိုသည်။

NLD ပါတီဗဟိုမှ ထုတ်ပယ် ခံရသော အဆိုပါ ရမည်းသင်းမြို့နယ် ဒုဥက္ကဋ္ဌ အပါအဝင် ၁၂ ဦးက ပါတီ နှုတ်ဆက်ပွဲကို ကျင်းပသွားရန် စီစဉ်ထားကြောင်း ယင်းထုတ်ပယ် ခံထားရသူများထံမှ သိရသည်။


  • VIA