News

POST TYPE

POLITICAL

တိုင်းရင်းသား ပညာရေး အထူး စီမံကိန်း ချမှတ်ရန် လွှတ်တော်ဥက္ကဋ္ဌဟောင်း အဆိုတင်
05-Aug-2016 tagged as

နေပြည်တော်၊ သြဂုတ် ၅

တိုင်းရင်းသား မျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်း ချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်က တင်သွင်းလိုက်သည်။

ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး၏ ကိုးရက်မြောက်နေ့ကို သြဂုတ်လ ၅ ရက်နေ့ နေပြည်တော်၌ ကျင်းပစဉ် ပထမအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးခင်အောင်မြင့်က အထက်ပါ အဆိုကို တင်သွင်းခြင်း ဖြစ်သည်။

ယခုအဆိုမှာ ပညာရေးကဏ္ဍ သက်သက် မဟုတ်ဘဲ အမျိုးသား နိုင်ငံရေး တစ်ရပ် အဖြစ် ရည်ရွယ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အသိပညာ လိုအပ်ပြီး အသိဉာဏ် ပွင့်လင်းမှသာ ဒီမိုကရေစီကို မြတ်နိုးမည်ဖြစ်ကြောင်း၊ ယင်းမှသာ ဒီမိုကရေစီ၏ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သော လက်နက်ကိုင်လမ်းစဉ်ကို မုန်းတီးမည် ဖြစ်ကြောင်း ဦးခင်အောင်မြင့်က အဆိုတင်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။

“ဒီနေ့ ငြိမ်းချမ်းရေး လက်မှတ်ထိုးရင် အခုလူတွေပဲ ထိုးကြတာပဲ။ နောင်လူတွေ အဆက်ဆက် ဗမာ အပါအဝင် တိုင်းရင်းသားတွေ အားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်စေချင်တဲ့အတွက် ဒီအဆိုကို တင်တာဖြစ်တယ်”ဟု ဦးခင်အောင်မြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြန်အရွေးခံရသူ လွှတ်တော် ဥက္ကဋ္ဌဟောင်း၏ အဆိုကို ကန့်ကွက်သူ မရှိသဖြင့် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

  • VIA
  • TAGS