News

POST TYPE

POLITICAL

တနင်္သာရီ တိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ နှစ်ဦးထဲမှ တစ်ဦးကို အရေးယူမည်

ရန်ကုန်၊ ဇန်န၀ါရီ ၉

တိုင်ကြားခံထားရသော တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ နှစ်ဦးထဲမှ တစ်ဦးသည် ရှိသင့် ရှိထိုက်သည့် ဂုဏ်သိက္ခာနှင့် မကိုက်ညီသည့်အတွက် အရေးယူသွားရန်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဇန်န၀ါရီ ၉ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များ၏ လစဉ် စုဆောင်းငွေ လှူဒါန်းပွဲတွင် သတင်း မီဒီယာတို့နှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“တနင်္သာရီတိုင်းက တစ်ယောက်က Report မှာ ငြိတယ်။ ဂုဏ်သိက္ခာနဲ့ ငြိတာပေါ့။ အလွဲသုံးစား လုပ်တာတော့  မတွေ့ဘူး။ အစီရင်ခံစာက စနေနေ့က တင်ပြီးပြီ။ တစ်ယောက်ပဲ ပြဿနာရှိတယ်။ နှစ်ဦးထဲက တစ်ဦးက ဘယ်သူလဲ ဆိုတာတော့ ပြောလို့ မရဘူး။ မသင့်တော်ဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ကို မည်သို့ အရေးယူသွားမည် ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ပါတီမှ နုတ်ထွက်ရသည်အထိ ရှိကောင်း ရှိလာနိုင်ကြောင်း ဦးဉာဏ်ဝင်းက သုံးသပ် ပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပါတီအနေနှင့် ဆက်လက် စိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့်လည်း ပါတီက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို သေချာလိုက်နာရန် လိုကြောင်း ၎င်းက ပြောဆိုသည်။

တိုင်ကြားခံရသည့် လွှတ်တော် ကိုယ်စားလှယ်များ ကိစ္စနှင့်ပတ်သက်၍ အစီရင်ခံစာကို ဇန်န၀ါရီ ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် Report ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် တင်ပြခဲ့ခြင်း ဖြစ်သည်။

ခင်မြတ်မြတ်ဝေ