News

POST TYPE

POLITICAL

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တည်ထောင်မည်ကို ဒေသခံများ ကန့်ကွက်
08-Jan-2017 tagged as ရခိုင်

ရန်ကုန်၊ ဇန်နဝါရီ ၈

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)  တည်ထောင်မည်ကို မကျေနပ်၍ တောင်ကုတ်ဒေသခံ ၁၃၀ ခန့် စုပေါင်းပြီး ယနေ့ (ဇန်နဝါရီလ ၈ရက်) မွန်းလွဲ ၂ နာရီခန့်က တောင်ကုတ်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ တောင်ကုတ်ဒေသခံ ကိုသက်မောင်မောင်က ပြောကြားသည်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)  ဆိုပြီး တောင်ကုတ်မှာ အစည်းအဝေး လာလုပ်တယ်။ သူတို့က ၂၀၂၀ အတွက် ပါတီထောင်တယ်လို့ သိရတယ်။ အရင်တုန်းက ရခိုင်အမျိုးသားပါတီ (ANP) က ခွဲထွက်သွားတဲ့ လူတစ်စုက ပါတီထောင်တာလို့ သိရတယ်။ ရခိုင်ပြည်နယ်ထဲမှာ တစ်မျိုးသားလုံးကို ဦးဆောင်နိုင်တဲ့ ရခိုင်ပါတီကိုပဲ လိုချင်တာပါ။ ပါတီများတာ မလိုချင်ဘူး” ဟု ကိုသက်မောင်မောင်က ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တည်ထောင်ခြင်း ဟုတ်၊ မဟုတ်၊ အစည်းအဝေး ပြုလုပ်မှု အခြေအနေများနှင့် ဆန္ဒပြမှုများအပေါ် မည်သို့ တုံ့ပြန်မည်ကို မေးမြန်းရန် The Voice က ဆက်သွယ်နေသော်လည်း ဆက်သွယ်မှု မရရှိသေးပေ။

ဆန္ဒပြ ကန့်ကွက်ရာတွင် “အမျိုးသားစည်းလုံးမှုကို ဖြိုခွဲတဲ့သူ ဒို့လူမျိုးအတွက် ဘုံရန်သူ”၊ “ညီညွတ်မှုကို မဖြိုခွဲပါနဲ့။ ပါတီများလို့ ရခိုင်ပြည်သူများ ဝမ်းမဝနိုင်” စသည့် စာတန်းပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကန့်ကွက်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူများထံမှ သိရှိရသည်။ 

ဓာတ်ပုံ - ကိုသက်မောင်မောင်

ခင်မြတ်မြတ်ဝေ