News

POST TYPE

POLITICAL

IS ခြိမ်းခြောက်ခံစာရင်းပါ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အထူး သတိပြုမည်
04-Aug-2016

ရန်ကုန်၊ သြဂုတ် ၃

အစွန်းရောက် အကြမ်းဖက်အဖွဲ့ ISIS က မလေးရှား ရဲတပ်ဖွဲ့သို့ ခြိမ်းခြောက်ထားသည့်စာတွင် မလေးရှား ဝန်ကြီးချုပ် အပါအဝင် အရှေ့တောင် အာရှနိုင်ငံများရှိ ထိပ်ပိုင်း ခေါင်းဆောင်အချို့နှင့်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်နေ၍  လုံခြုံရေး အထူး သတိပြု ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

''ခုလို သတင်းရတဲ့အတွက် ပေါ့လို့ မရဘူး၊ အများကြီး စိုးရိမ်စရာလည်း မရှိဘူး၊ ဒါပေမဲ့ အရေးကြီးပုဂ္ဂိုလ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လုံခြုံရေးကိုတော့ အထူးသတိပြုပြီး ဆောင်ရွက်သွားဖို့ ရှိတယ်''ဟု ၎င်းကဆိုသည်။

ထို့ပြင် လုံခြုံရေး ကဏ္ဍအတွက် အာဆီယံ နိုင်ငံများနှင့် သတင်း ချိတ်ဆက်မှုများ ရယူကာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို နိုင်ငံတကာ အကြမ်းဖက် တိုက်ဖျက်ရေးနှင့် လုံခြုံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး မလေးရှားနိုင်ငံတွင်း အခြေအနေများကိုလည်း ဆက်လက် စောင့်ကြည့်နေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစွန်းရောက် အကြမ်းဖက်အဖွဲ့ ISIS ၏ ယင်းခြိမ်းခြောက်စာတွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇက် အပါအဝင် မလေးရှား အစိုးရအဖွဲ့ ခေါင်းဆောင်များကို ခြိမ်းခြောက်ထားပြီး စာထဲတွင် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်လျက် ရှိသည်ဟု မလေးရှားရဲတပ်ဖွဲ့က ယနေ့ပြောကြားလိုက်ကြောင်း Strait Times သတင်းဌာနတွင် ဖော်ပြထားသည်။

နီဂရီဆမ်ဘီလန် ရဲစခန်းသို့ ရောက်ရှိလာသော ခြိမ်းခြောက်စာမှာ မည်မျှအထိ စစ်မှန်သည်ကို စစ်ဆေးလျက် ရှိသည်ဟု မလေးရှား ရဲတပ်ဖွဲ့က ပြောကြားသည်။

ယင်းစာထဲတွင် အမည်ပါဝင်နေသည့် ခေါင်းဆောင်များ၏ ဓါတ်ပုံများကိုလည်း တွဲထည့်ပေးထားပြီး မလေးရှား နိုင်ငံ၊ နီဂရီဆမ်ဘီလန် ပြည်နယ်တွင် ISISတပ်သား ၇ဝဝ ခန့် ရောက်ရှိနေပြီဟုလည်း ခြိမ်းခြောက် ထားသေးသည်။

သို့ရာတွင် မလေးရှား ရဲတပ်ဖွဲ့ကမူ အဆိုပါ ခြိမ်းခြောက်မှုကို အခြေအမြစ် မရှိသော ခြိမ်းခြောက်မှုဟု ပြောကြားထားပြီး စာပို့သူက မလေးရှားတွင် ISIS အဖွဲ့၏ လွှမ်းမိုးမှု ကြီးမားလာအောင် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ယူဆလျက် ရှိသည်။

သို့သော် မြန်မာနိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ မြန်မာနိုင်ငံအနေနှင့် ISIS အကြမ်းဖက် အဖွဲ့၏ ဆဲလ်များ၊ နိုင်ငံတွင်း ကွန်ရက် ဖွဲ့စည်းမှု အခြေအနေနှင့်  မည်သို့ ဆက်သွယ် လုပ်ကိုင်နေသည်များကို လုံခြုံရေး အဖွဲ့အစည်းများနှင့် ပြည်ထဲရေး ဝန်ကြီး ဌာနတို့ ပူးပေါင်း စောင့်ကြည့်လျက်ရှိကြောင်း ဆိုသည်။

မြန်မာနိုင်ငံ အစိုးရသည် ယခုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို ယခင် အယ်ကေဒါ အဖွဲ့တုန်းကလည်း ကြုံတွေ့ရဖူးပြီး မြန်မာ့ လူအဖွဲ့အစည်းသည်  ပေါင်းစည်းမှုရှိကာ ခွဲခြားဆက်ဆံမှု မရှိသော လူ့အဖွဲ့အစည်းဖြစ်ကြောင်း၊ အစဉ်အလာအားဖြင့် မြန်မာနိုင်ငံသည် အကြမ်းဖက်ဝါဒီများ အမြစ်တွယ်ရန် ခက်ခဲကြောင်း ဦးဇော်ဌေးက သုံးသပ်ပြောဆိုသည်။

သို့သော် နိုင်ငံတွင်းရှိ လူငယ်လူရွယ်များအနေနှင့် အစွန်းရောက် ဆွဲဆောင် စည်းရုံးမှုများနောက် ပါမသွားရန် အရေးကြီးပြီး အစိုးရနှင့်အတူ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များတွင်လည်း တာဝန်ရှိကြောင်း ၎င်းက ပြောဆိုသည်။

  • VIA