News

POST TYPE

POLITICAL

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဖြစ်ရေး ၀ိုင်းဝန်းကြိုးပမ်းရန် သူရဦးတင်ဦး တိုက်တွန်း

ရန်ကုန်၊ ဇန်န၀ါရီ ၅

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ရေး ၀ိုင်းဝန်းကြိုးပမ်းရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ နာယက သူရဦးတင်ဦးက တိုက်တွန်း ပြောကြားလိုက်သည်။

ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ဇန်န၀ါရီ ၄ ရက်က ကျင်းပသည့် (၆၉)နှစ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြောကြားသည့် သဘာပတိမိန့်ခွန်း၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ကာလသည် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအပေါ် အလေးအနက် ထားပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို အားသွန်ခွန်စိုက် လုံးပန်းနေသည့်ကာလဖြစ်ကြောင်း၊ အခိုက်အတန့် ကာလကြုံတွေ့နေရသည့် အခက်အခဲ၊ အကျပ်အတည်းများကို အမျိုးသားပြန်လည် ရင်ကြားစေ့ရေး စိတ်ဓာတ်ဖြင့် ကုစားရမှာဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အမျိုးသား ရင်ကြားစေ့ရေး မအောင်မြင်ဘဲ မည်သည့် ပြုပြင်ပြောင်းလဲမှုမှ မအောင်မြင်နိုင်ကြောင်းလည်း သူရဦးတင်ဦးက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ပြောကြားမှုနှင့် ပတ်သက်၍ ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက “ငြိမ်းချမ်းရေး ရနိုင်ဖို့က အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာလည်း တရားမျှတမှု ဖြစ်အောင် ပြီးရင် ခြိမ်းခြောက်ပြီးတော့ လုပ်တာမျိုးပေါ့။ သေနတ်ကို ကြောက်ပြီးတော့မှ မနိုင်လို့ သည်းခံခြင်း ဆိုတာမျိုး မဖြစ်အောင် အဓိပ္ပာယ်ရှိတဲ့ ငြိမ်းချမ်းရေးလေးဖြစ်အောင် လုပ်ဖို့လိုလား တောင့်တပါတယ်”ဟု ပြောဆိုသည်။

ယခုနှစ်သည် ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ရေး အားလုံးဝိုင်းဝန်း ကူညီကြရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁ ရက်က ကျင်းပသည့် လူငယ်နှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ထည့်သွင်း ပြောဆိုထားသည်။

ခင်မြတ်မြတ်ဝေ၊ ရွှေဖူးခင်