News

POST TYPE

POLITICAL

လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားသို့ ရဲဘော်သုံးကျိပ်၊ BIA/BDA နှင့် သခင်မိသားစုဝင်များ တက်ရောက်

ရန်ကုန်၊ ဇန်နဝါရီ ၎

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ပထမဆုံးအကြိမ် ကျပ်းပခဲ့သော (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရဲဘော်သုံးကျိပ်၊ BIA/BDA နှင့် သခင်မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

(၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကို ရန်ကုန်မြို့  မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလ ပန်းခြံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ပါဝင်ခဲ့သူများ၏ မိသားစုဝင် ၃၃ ဦး၊ သခင်မိသားစုဝင် ၂၉ ဦး၊ ရဲဘော် သုံးကျိပ် မိသားစုဝင် ၅၈ ဦး၊ စစ်ဘက်ဆိုင်ရာ အကြီးအကဲများ ရှစ်ဦး၊ ရဲတပ်ဖွဲ့ဝင် အငြိမ်းစား ၁၈ ဦး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ တက္ကသိုလ် ပါမောက္ခချုပ် ၂၂ ဦး၊ ဆေးရုံအုပ်ကြီး ၁၆ ဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာကို ရန်ကုန် တိုင်းဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ သဝဏ်လွှာတွင် “လွတ်လပ်ရေးရရှိပြီးနောက် အတိတ်သမိုင်းတွင် မိမိတို့ တိုင်းရင်းသား ညီရင်းအစ်ကို မောင်ရင်း နှမများအကြား အကြောင်းအမျိုးမျိုးကြောင့် သံသယများ၊ ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည့်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့ရသည်။ လွတ်လပ်ပင် လွတ်လပ်ခဲ့သော်ငြားလည်း လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသ နေရာအချို့တွင် လွတ်လပ်ရေး၏ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ခြင်း မရှိဘဲ အနာဂတ်များ ပျောက်ဆုံးကာ အမှောင်ဖုံးခဲ့ရသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်ပါသည်။ ယနေ့ အချိန်အခါတွင် သံသယနှင့် ပဋိပက္ခများ ကင်းစင်ပပျောက်ပြီး ရေရှည်တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံးက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်”ဟူ၍ ဖော်ပြထားသည်။

၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ကျင်းပခဲ့ကြသည်။   

J-07