News

POST TYPE

POLITICAL

ရေကြီးရေလျှံမှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများအတွက် စီမံကိန်းချမှတ်ပြီး ဆောင်ရွက်ပေးရန် လွှတ်တော်တင်
03-Aug-2016
နေပြည်တော်၊ သြဂုတ် ၃  

နှစ်စဉ် မိုးရာသီ၌ ဖြစ်ပွားလေ့ ရှိသော ရေကြီးရေလျှံမှုများနှင့် နွေရာသီတွင် သောက်သုံးရေ ပြတ်လပ်မှုများကြောင့် ယင်းကိစ္စကို ခြုံငုံလေ့လာ သုံးသပ်ပြီး စီမံကိန်း တစ်ရပ်ချ၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို သြဂုတ်လ ၃ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော်တွင် အဆို တင်သွင်းခဲ့သည်။ 

ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ ဦးကျော်ထွေးက တင်ပြခဲ့ခြင်းဖြစ်ပြီး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

''ကျွန်တော်တို့ နိုင်ငံသားတွေ အထူးသဖြင့် လယ်ယာလုပ်သား နင်းပြားတွေရဲ့ဘဝမှာ မိုးရွာရင် ရေလွှမ်းလို့ လယ်တွေ ပျက်မှာ ကြောက်ရ၊ အိုးအိမ်တွေ ပျက်စီးမှာ ကြောက်ရ၊ နေပူရင် ရေပြတ်လို့ သောက်စရာ ရေမရှိ၊ စိုက်စရာရေ မရှိတဲ့ ဘာရာသီဥတုလာလာ ကြောင့်ကြနေရတဲ့ ဘဝတွေကနေ လွတ်မြောက်အောင် ကျွန်တော်တို့ အစိုးရ ဖြစ်ချိန်မှာတော့ တတ်နိုင်သမျှ လုပ်ပေး၊ ကြိုးစားပေးကြဖို့ အချိန်အခါ သင့်နေပါပြီ''ဟု  ဦးကျော်ထွေးက ပြောသည်။

ယင်းကဲ့သို့ ရေဘေးကြုံ ပြည်သူများအနေနှင့် ဘေးဖြစ်ချိန်တွင် ကူညီပေးသူများကို ကျေးဇူးတင်နေမည် ဖြစ်သော်လည်း ကြိုတင် တားဆီးနိုင်ရေး လုပ်ဆောင်နိုင်မည့် အစိုးရကိုလည်း မျှော်လင့်နေမည်ဟု ယုံကြည်ကြောင်း ဦးကျော်ထွေးက ဆိုသည်။

''မျိုးဆက်သစ်တွေအထိ ရေရှည် တည်တံ့နိုင်မယ့်၊ အမှန်တကယ် အကျိုးရှိတဲ့ စီမံကိန်းတွေကို ပြည်တွင်း၊ ပြည်ပ ပညာရှင်တွေနဲ့ လေ့လာစူးစမ်း ပြင်ဆင်ပြီး ရန်ပုံငွေ အနေအထားနဲ့ ချင့်ချိန်ကာ တစ်ဆင့်ချင်း အကောင်အထည်ဖော်ရမယ့် ကာလကို ရောက်နေပြီ ဖြစ်ပါတယ်''ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။


  • VIA