News

POST TYPE

POLITICAL

ရေဘေးကယ်ဆယ်ရေး ပူးပေါင်း ဆောင်ရွက်ရန် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန တွေ့ဆုံမည်
03-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၃

ရေကြီးနစ်မြုပ်မှု ကြုံတွေ့နေရသည့် အထက်မြန်မာပြည် ဒေသများ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက အရပ်ဘက် အဖွဲ့အစည်း(CSO)များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးစိုးအောင်က ပြောသည်။

''ကျွန်တော်တို့ အနေနဲ့ အဖွဲ့အစည်းတွေ လက်ရှိမှာ ကြုံနေရတဲ့ အခက်အခဲတွေကို မေးမြန်းမယ်၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်တွေကို ဝန်ကြီးဌာနနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်သွားမည် စတာတွေကို ဆွေးနွေးကြမှာပါ''ဟု ၎င်းက ဆိုသည်။

သဘာဝ ဘေးအန္တရာယ် ကိစ္စရပ်များကို ကိုယ်တွယ် ဖြေရှင်းရာတွင် ဝန်ကြီးဌာန တစ်ခုတည်းကမှ ဖြေရှင်း၍ မရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရအဖွဲ့များနှင့် နယ်ပယ် အသီးသီးရှိ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။

လက်ရှိတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် တစ်လျှောက်တွင် နေထိုင်သော ပြည်သူများနှင့် ကျွဲ၊ နွားများမှာ ရေဘေးဒဏ်ကို အဓိက ကြုံတွေ့ခံစားနေရပြီး လက်ရှိတွင် ရေဘေးဒဏ်သင့်ပြည်သူ နှစ်သိန်းကျော် ရှိနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ ရေဘေးသင့် ဒေသများ၌ ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးနှင့် ပြန်လည် နေရာချထားရေး ကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ ဘတ်ဂျက်ငွေဖြင့်လည်းကောင်း၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ရန်ပုံငွေမှလည်းကောင်း အပိုင်း နှစ်ပိုင်း ခွဲကာ ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသည် ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ရန်ကုန်မြို့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များအတွက် အောက်မြန်မာပြည်ရှိ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

  • VIA
  • TAGS