News

POST TYPE

POLITICAL

ငြိမ်းချမ်းရေး လိုချင်သည့် အသံများ ဖော်ထုတ်ပေးကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ရန်ကုန်၊ ဇန်န၀ါရီ ၁

ပြည်သူများအနေနှင့် ငြိမ်းချမ်းရေး လိုချင်သည့် အသံများကို များများဖော်ထုတ်ပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC-2) ၌ ဇန်နဝါရီ ၁ ရက်က ပထမဆုံးအကြိမ် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူငယ်များ တွေ့ဆုံသော ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲ (Peace Talk) တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးတွင် ပတ်သက်နေသည့် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး လိုချင်သည့် စိတ်ဓာတ်များ ဖြစ်ပေါ်ရှင်သန်လာရန် ပြည်သူများက များများဖော်ထုတ်သင့်ကြောင်း ၎င်းက ဆိုသည်။

“အသံတွေက ထွက်လာရမယ်၊ ငြိမ်းချမ်းရေး လိုချင်တယ် ညီညွတ်ရေး လိုချင်တယ်၊ ပြည်သူလူထုဟာ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ လုပ်ပြီးတော့  ယဉ်ကျေးသိမ်မွေ့တဲ့နည်းနဲ့ အပြောင်း အလဲတွေ လိုချင်တယ်ဆိုတာ အများသိအောင် ပြည်သူတွေရဲ့ အသံတွေက ပေါ်လာဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် လက်နက်ကိုင်ခြင်းဖြင့် ငြိမ်းချမ်းရေး မရရှိနိုင်ဘဲ စစ်ပွဲများသည် ဆွေးနွေးခြင်းဖြင့်သာ အဆုံးသတ်ရလေ့ ရှိကြောင်း ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသားပြည်သူ အားလုံးတွင် ဘုံသဘောတူညီချက် ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်များ ရှိမှသာ အခက်အခဲများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်နက်ကိုင် တိုက်ပွဲဝင်မည့်အစား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသင့်ပြီး ယင်းသို့ ဖြေရှင်းရန် ပြည်သူများကို စည်းရုံးပြီး ရွေးကောက်ပွဲဝင်ခြင်းသည် သိမ်မွေ့သော နိုင်ငံရေးနည်းပင် ဖြစ်ကြောင်း  ၎င်းက အကြံပြု ပြောဆိုသည်။

အစိုးရသစ်သည် ၂၀၁၇ ခုနှစ် အစပိုင်းတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများ ပါဝင်နိုင်သည့် ငြိမ်းချမ်းရေး စကားဝိုင်းများကို ထပ်မံပြုလုပ်သွားရန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ငြိမ်းချမ်းရေး စကားဝိုင်းဆိုတာ ငြိမ်းချမ်းရေးအတွက် တွန်းလှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ အစိုးရအဖွဲ့တွေ ဆွေးနွေးတာ မဟုတ်ဘဲ ပြည်သူပြည်သားတွေနဲ့ ဆွေးနွေးခြင်း ဖြစ်ပြီးတော့ နိုင်ငံသူနိုင်ငံသားများ အားလုံးပါဝင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အမြင်များ၊ ပြဿနာတွေ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်မှုများကို သိရှိနိုင်ဖို့ ရည်ရွယ်တယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် လူငယ်များနှင့်  ငြိမ်းချမ်းရေး စကားဝိုင်းတွင် လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးတွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု လူငယ် ၁၈ ဦး တက်ရောက်ခဲ့ပြီး အမျိုးသမီး ကိုယ်စားပြုလူငယ်များ၊ မသန်စွမ်း လူငယ်များနှင့် လိင်စိတ်မတူကွဲပြားသော လူငယ်များ ပါဝင်သည်။

အဆိုပါ စကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က လူငယ်များကို ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့်အမြင်များ၊ ဒေသအလိုက် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပါဝင်ကူညီနေမှုများ၊ အခက်အခဲများကို အပြန်အလှန် မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။               

J-09