News

POST TYPE

POLITICAL

အနည်းဆုံး လုပ်ခလစာကို အမျိုးသားလွှတ်တော် ပြန်လည် သုံးသပ်မည်
03-Aug-2016

ရန်ကုန်၊  သြဂုတ် ၂

မြန်မာနိုင်ငံတွင် အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့် အနည်းဆုံး လုပ်ခလစာ တစ်ရက် ၃၆ဝဝ ကျပ် သတ်မှတ်ထားမှုကို ပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေးရာ ကော်မတီထံမှ သိရသည်။

သက်ဆိုင်ရာ အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ကုန်သည်ကြီးများနှင့် တွေ့ဆုံ၍ အနည်းဆုံးလုပ်ခ တစ်ရက် ၃၆ဝဝ ကျပ် သတ်မှတ်ထားမှုမှာ လုံလောက်မှု ရှိ၊ မရှိကို ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပ အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေးက ပြောကြားသည်။

ထွက်ပေါ်လာမည့် ရလဒ်ကို ယင်းကော်မတီ၏ မှတ်ချက်ဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

''ပြန်လည် သုံးသပ်ရာမှာ အနည်းဆုံး လုပ်ခလစာဟာ ဥပဒေအရ နှစ်နှစ်တစ်ကြိမ် သုံးသပ်ရမှာပေါ့၊ လက်ရှိရနေတဲ့ လစာက လုံလောက်မှု ရှိရင်လည်း ရှိမယ်၊ မရှိရင်လည်း လိုအပ်တာတွေ ဆောင်ရွက်ဖို့ သုံးသပ်သွားမှာပါ''ဟု ၎င်းက ဆိုသည်။

အနည်းဆုံး လုပ်ခလစာအဖြစ် တစ်ရက် လုပ်ခ ၃၆ဝဝ ကျပ် သတ်မှတ်ကြောင်းနှင့် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ပေးချေရမည် ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရက အတည်ပြု ထုတ်ပြန်ခဲ့သည်။

သို့သော် ယင်းသို့ အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ပြီးနောက် အလုပ်ရှင်များဘက်မှ အခြား ခံစားခွင့်များကို လျှော့ချ ဖြတ်တောက်ခဲ့၍ အလုပ်သမား ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။

  • VIA