News

POST TYPE

POLITICAL

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အမျိုးသားလွှတ်တော် အတည်ပြု
02-Aug-2016 tagged as

နေပြည်တော်၊ သြဂုတ် ၂

မြန်မာနိုင်ငံအနှံ့ ရောင်းဝယ်ဖောက်ကားမှုများ ဖြစ်ပွားနေသော မူးယစ်ဆေးဝါးများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရန် အမျိုးသားလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာများတွင် မူးယစ် ဆေးဝါး ရောင်းဝယ် ဖောက်ကားနေမှုများကို ဖမ်းဆီး အရေးယူရေး၊ အုပ်စုလိုက် မူးယစ်ဆေးဝါးများ သုံးစွဲသည့်နေရာများကို အမြစ်ပြတ် ဖယ်ရှား ရှင်းလင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ပညာပေးမှုများ ကို နိုင်ငံအနှံ့ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများကို ပြန်လည်ပြုစု ကုသ ပျိုးထောင်သည့်စခန်းများ လိုအပ်သလို ဖွင့်လှစ်ပေးရေးတို့ကို  ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက သြဂုတ်လ ၁ ရက်တွင် တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၁၇ ဦးကမှ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး အထက်ပါအတိုင်း အတည်ပြုလိုက်ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ထံမှ ဘတ်ဂျက်များကို ဥပဒေနှင့်အညီ တောင်းခံသွားမည်ဖြစ်ပြီး ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ တိုးချဲ့ခြင်း၊ ပြင်သင့် ပြင်ထိုက်သော မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သော ဥပဒေများ ပြုပြင်ခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် ပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဆိုသည်။

''မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်နေတဲ့ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။  လွှတ်တော်ရဲ့ အဆုံးအဖြတ်အတိုင်း ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းက ပြော ကြားသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အရေးယူနိုင်သည့် ဥပဒေသည် နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်ပြီ ဖြစ်သောကြောင့် ပြင်ဆင်သင့်ပါက ပြင်ဆင်ရမည်ဖြစ်ပြီး မူးယစ် ဆေးဝါး သုံးစွဲသူများကို ဖမ်းဆီး အရေးယူခြင်းထက် မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားသူများကို ထိရောက်စွာ ဖမ်းဆီး အရေးယူနိုင်ရန် လိုအပ်ကြောင်း ဒေါက်တာ မြတ်ဥာဏစိုးက ပြောသည်။

''ထိပ်ဆုံးက မူဝါဒ ပေါ်လစီကနေ စပြီး ပြင်ဆင်မှ ဖြစ်မှာ''ဟု ၎င်းကဆိုသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည် ထူထောင်ရေး စခန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းအမှီ ထားရှိမှသာ မူးယစ် ဆေးဝါး သုံးစွဲသူများအနေဖြင့် မူးယစ်ဆေးဝါး၏ သားကောင်ဘဝမှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းက ထောက်ပြ ဆွေးနွေးခဲ့သည်။

''ဥပဒေမှာက မူးယစ်ဆေးသုံးတဲ့ သူ မဟုတ်လဲ ဆေးထိုးအပ်တွေ တွေ့တာနဲ့တင် ဖမ်းလို့ ရနေတယ်။ တကယ်က သုံးစွဲသူတွေထက် မူးယစ်ဆေးဝါး ရောင်းသူတွေ၊ အကြီးစား ကုန်သည်တွေကို ဘယ်လို ဖမ်းဆီးမလဲ ဆိုတာ ဖြစ်သင့်တာပါ'' ဟု ဦးမျိုးဝင်းက ပြောကြားသည်။


  • VIA
  • TAGS