News

POST TYPE

POLITICAL

အဂတိ လိုက်စားမှု ထိထိရောက်ရောက် ကိုင်တွယ်ရန် လွှတ်တော်တင်
02-Aug-2016

နေပြည်တော်၊ သြဂုတ် ၂

အဂတိ လိုက်စားမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ရန်နှင့် သိသာ ထင်ရှားစွာ လျော့ပါးရေး အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်ပြလိုက်ပြီး ဆက်လက် ဆွေးနွေးမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

ယင်းအဆိုကို ယနေ့ (သြဂုတ် ၂) ကျင်းပသော ပြည်သူ့လွှတ်တော်တွင် မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လယ်ဝေး မဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက ထောက်ခံခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဂတိ လိုက်စားမှုအနေနှင့် အစိုးရ၊ အာဏာရသူထံ လာဘ်ထိုး၍ လုပ်ဆောင်နေခြင်းနှင့် အောက်ခြေအဆင့် စာရွက်စာတမ်းကြေးနှင့် လက်ဖက်ရည်ဖိုးဟူ၍ လာဘ်ပေး လာဘ်ယူကိစ္စ ရှိနေသောကြောင့် ပပျောက်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဦးမျိုးဇော်ဦးက ဆိုသည်။

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် ယခင်အစိုးရ လက်ထက်တွင် တိုင်ကြားစာ များစွာ ရရှိခဲ့သော်လည်း အနည်းငယ်ကိုသာ စစ်ဆေး အရေးယူ ခဲ့သောကြောင့် လက်ရှိအစိုးရ လက်ထက်တွင် ထိထိရောက်ရောက် ကိုင်တွယ်  ဖြေရှင်းရန် လိုနေကြောင်း ဒေါက်တာ သန်းဝင်းက ပြောကြားသည်။

အဂတိ လိုက်စားမှုသည် လျော့ကျခြင်း မရှိဘဲ နိုင်ငံတကာ၏ သတ်မှတ်ထားသည့် စံချိန်တွင် ဆက်လက် ရပ်တည်နေဆဲ ဖြစ်သောကြောင့် အစိုးရ အပါအဝင် ပြည်သူလူထုအပေါ်တွင် ဝန်ထုပ် ဝန်ပိုး ဖြစ်နေရကြောင်း ဦးမျိုးဇော်ဦးက ထောက်ပြသည်။

ယင်းအဆိုကို ဆက်လက် ဆွေးနွေးရန် လွှတ်တော်က သဘောတူသောကြောင့် သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း ပေးရမည်ဟု လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

 အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ၂ဝ၁၄ မတ်လ ၇ ရက်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး စစ်ဆေး အရေးယူနိုင်မှု ၁ဝ ခုထက် မကျော်ခဲ့ပေ။



  • VIA