News

POST TYPE

POLITICAL

အရေးပေါ်စီမံမှု အက်ဥပဒေ ရုပ်သိမ်းရန် တင်သွင်းချက် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ သဘောမတူ
01-Aug-2016

နေပြည်တော်၊ သြဂုတ် ၁

အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းရန် ဥပဒေကြမ်း လွှတ်တော်သို့ တင်ပြလာခြင်းကို တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များက သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ကိုယ်စားအဖွဲ့ဝင် ဦးဘရှိန် (ကျောက်ဖြူ မဲဆန္ဒနယ်)က ယနေ့ (သြဂုတ် ၁)ကျင်းပသည့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

''ခုလို ပြောင်းလဲလာတဲ့ ခေတ်ကာလမှာ မလျော်ညီတော့ပါဘူး။ ဒါကြောင့် ဒီဥပဒေကို ရုပ်သိမ်းဖို့ တင်ပြတာပါ''ဟု ဦးဘရှိန်က ဆိုသည်။

ယင်းဥပဒေသည် ၁၉၅ဝ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး နိုင်ငံသား များ၏ မူလအခွင့်အရေးကို အချိန်အခါမရွေး ဖိနှိပ်ချုပ်ချယ်နိုင်ခြင်း၊ အကျိုးစီးပွားကို အလေးထားစောင့်ရှောက်နိုင်မှုမရှိခြင်း၊ နိုင်ငံသားလုံခြုံရေးထက် အုပ်ချုပ်သူများ ၏လုပ်ပိုင်ခွင့်ကို ပိုမိုအလေးထားပြဋ္ဌာန်း ထားခြင်းတို့ကြောင့် ပယ်ဖျက်ရန် ပြုလုပ် ရခြင်းဖြစ်ကြောင်း ဥပဒေ ကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။

ယင်းသို့ ပယ်ဖျက်ရန်ပြုလုပ်ပါက ယင်းဥပဒေကဲ့သို့ အစားထိုး ဥပဒေ တစ်ခုကို ပြဋ္ဌာန်းပြီးမှသာ ပြုလုပ်သင့်ပြီး ပြင်ဆင်မည်ဆိုပါကလည်း ပုဒ်မ ၅၊ ပုဒ်မခွဲ (င) နှင့် (ည) တို့ကိုသာ ပြင်ဆင်သင့်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် ဦးစတီဖန် (ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး) က ကော်မတီတွင်တင်ပြထားသည်။

 ယင်းကဲ့သို့ပင် ဥပဒေကိုကျင့်သုံး ရာ၌ အလွဲသုံးစွဲဆောင်ရွက်မှုမျိုးကို မလုပ် ဆောင်နိုင်ရေးအတွက်သာ ထိန်းညှိပေးရန် လိုအပ်ပြီး ခေတ်နှင့်မလျော်ညီသော ပုဒ်မများကိုသာ ပြင်ဆင်ခြင်းနှင့် ပယ်ဖျက်ခြင်းများ ပြုလုပ်စေလိုကြောင်း တပ်မတော် ကိုယ်စား ဗိုလ်မှူးချုပ် မောင်မောင်က ဥပဒေကြမ်း ကော်မတီသို့ တင်ပြထား သည်။

အဆိုပါ ဥပဒေတွင်ပါရှိသော ပြဋ္ဌာန်းချက်များသည် ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်၊ အစိုးရ အက်ဥပဒေ ပြဋ္ဌာန်းချက်၊ ပြည်သူ့ငြိမ်ဝပ်ပိပြားရေး (ထိန်းသိမ်း စောင့်ရှောက်မှု) အက်ဥပဒေပြဋ္ဌာန်းချက်နှင့် ၂ဝဝ၈ အခြေခံ ဥပဒေပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ရှိနေသောကြောင့် ပယ်ဖျက်ရခြင်းဖြစ်ကြောင်း ဦးထွန်းထွန်းဟိန်က ရှင်းပြသည်။

ဥပဒေ ပယ်ဖျက်ရန် တင်သွင်းလာမှုကို ဆွေးနွေးလိုသူများရှိပါက ယခုလ ၃ ရက်နေ့ထက် နောက်မကျဘဲ ပြည်သူ့လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

  • VIA