News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖျက်ဆီးသူများကို ချေမှုန်းမည်ဟု ကိုးကန့်အဖွဲ့ ထုတ်ပြန်
31-Jul-2016
ရန်ကုန်၊ ဇူလိုင် ၃၁

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖျက်ဆီးမည့်သူများကို ပြတ်ပြတ်သားသား ချေမှုန်းသွားမည်ဖြစ်ကြောင်း ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDAA) က ကြေညာချက် ထုတ်ပြန်သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) သည် ၎င်းတို့ အခြေစိုက်ခဲ့ သည့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ အထူး ဒေသ (၁) မှ ပြည်သူများထံ ပေးစာတစ်စောင်ကို ဇူလိုင်လ ၃ဝ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသများရှိ အာဏာရှင် ဘက်တော်သားများ အနေနှင့် MNDAA ကို အတိုက်အခံ မပြုလုပ်ရန်နှင့် လာရောက် ပူးပေါင်း ဆောင်ရွက်ရန် စသည့် တိုက်တွန်းချက်များကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းဒေသအတွင်း လယ်ယာအခွန် ကောက်ခံမည့် စနစ်ကို ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း၊ ဒေသခံ တိုင်းရင်းသားများ၏ လူမှုဘဝများကို ပြန်လည် ထူထောင်ပေးမည်ဖြစ်ကြောင်း၊ အစိုးရနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်သွားမည် ဖြစ်ကြောင်း၊ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိပြီး ဒီမိုကရေစီ အခွင့်အရေးများ ရရှိအောင် MNDAA အနေနှင့် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့ပြင် အခမဲ့ ပညာရေး စနစ် ကျင့်သုံးသွားပြီး နေထိုင်ရေးအတွက် အခြေခံဖြစ်သော ရေ၊ လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး စနစ်များကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ပြီး အထူးဒေသနှင့် ကိုက်ညီသော အခြေခံ ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွားမည် ဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်အရ သိရသည်။

ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့(MNDAA)သည် ယခင်အစိုးရ လက်ထက် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလ ဆန်းပိုင်း၌ တပ်မတော်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ပြန်လည် ရပ်ဆိုင်းသွားသည်မှာ တစ်နှစ်ကျော်ခန့် ရှိပြီဖြစ်သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသကို တပ်မတော်က စစ်အုပ်ချုပ်ရေး ကြေညာပြီး ထိန်းချုပ်ခဲ့သည်။


  • VIA