News

POST TYPE

POLITICAL

ICJ အရေး မြန်မာအစိုးရကို ထောက်ခံကြောင်း ဝ တပ်ဖွဲ့ ထုတ်ပြန်
30-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာ နိုင်ငံမှ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ ) ထံ တရားစွဲဆိုသည့် အမှုအပေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ သဘောထားရပ်တည်ချက်ကို ထောက်ခံကြောင်း UWSA က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်သည့် AA ၊ TNLA ၊ MNDAA လက်နက်ကိုင်သုံးဖွဲ့က အဆိုပါ ICJ အရေးတွင် ICJ တရားရုံး၏ တပ်မတော်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် တရားရုံးဘက်က ထောက်ခံထုတ်ပြန်ထားပြီး ယခု UWSA လက်နက်ကိုင်အဖွဲ့က အစိုးရဘက်မှ ထောက်ခံလိုက်သည့်အတွက် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များအကြား သဘောထားကွဲလွဲခဲ့ခြင်း ဖြစ်သည်။

UWSA အနေနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ပြီး နယ်သာလန်နိုင်ငံ The Hague မြို့သို့ သွားရောက်ချေပ ပြောဆိုတုံ့ပြန်မှုဖြင့် ပြည်ထောင်စု၏ ဂုဏ်သိက္ခာကို ကာကွယ်စောင့်ထိန်းမည့် လုပ်ဆောင်ချက်ကို လေးစားဂုဏ်ယူကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အခြေအနေသည် ရှုပ်ထွေးပြီး သမိုင်းကြောင်းချန်လှန်ခဲ့သော ပြဿနာမှာ နှစ်ပေါင်း (၂၀၀) နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း နယ်မြေရောယှက်ခြင်း၊ ဘာသာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စသည့်ရှုပ်ထွေးသော ပဋိပက္ခများကို မည်သည့် ဘက်လိုက်မှုမျိုးမဆို (သို့မဟုတ်) မသင့်လျော်သော နိုင်ငံတကာ စွတ်ဖက်မှုသည် ရခိုင်ပြည်နယ်၏ အခြေအနေအား မတည်မငြိမ်ဖြစ်မှုနှင့် ရှုပ်ထွေးမှုများ ပိုမိုဖြစ်စေလာနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် UWSA အနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပဋိပက္ခကို တရားမျှတမှုမရှိသည့် မည်သည့်ဖြေရှင်းဆောင်ရွက်ချက်ကိုမဆို ကန့်ကွက်ကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းများအနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်တွင် အတည်ပြုထားသည့် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ ဆက်ဆံရေးအခြေခံမူကိုလိုက်နာ၍ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကိုင်တွယ်သည့် မူအပါအဝင် အပြန်အလှန်လေးစားမှုကို အခြေခံကာ သက်ဆိုင်ရာ နှစ်ဖက်နိုင်ငံနှင့် ကြားဝင်စေ့စပ်ပေးသော နိုင်ငံတို့မှ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ရခိုင်ပြည်နယ်အရေးကို ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်းလည်းဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံကို နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရခိုင်ပြည်နယ်အရေးနှင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားပြီး ယင်းတရားစွဲဆိုထားမှုကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ကာ ရင်ဆိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက နိုဝင်ဘာလ ၂၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) တွင် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာနိုင်ငံ၏ တရားစွဲမှုကို ကာကွယ်ရန်အတွက် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်များကို ငှားရမ်းထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အလားတူ တရားရုံး ကြားနာစစ်ဆေးမည့် နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့သို့ စေလွှတ်မည့် အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနှင့် သွားရောက်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံကို အရေးယူပေးရန် နိုင်ငံတကာတရားရုံး (ICJ ) တွင် OIC အဖွဲ့နိုင်ငံများကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုချက်ကို လာမည့် ဒီဇင်ဘာလတွင် စတင်ကြားနာရန် သတ်မှတ်လိုက်ကြောင်း ICJ က သတင်းထုတ်ပြန်ခဲ့သည်။

ပထမအကြိမ် စတင်ကြားနာမှုအတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်စတင်မည်ဖြစ်ပြီး တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံမှ စတင်ထွက်ဆိုရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထွက်ဆိုရမည်ဖြစ်သည်။

ယခုတရားစွဲဆိုမှုတွင် ဂမ်ဘီယာနိုင်ငံအနေနှင့် ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံအနေနှင့် မျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ တရားစွဲဆိုမှုတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်း ထည့်သွင်းတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

(J-08)
 



  • VIA