News

POST TYPE

POLITICAL

AA စစ်ဦးစီးချုပ်၏ ညီမနှင့် ယောက်ဖတို့၏ အမှုကို ရှုပ်ထွေးအမှုအဖြစ် သတ်မှတ်ပြီး ကိုးလအတွင်းအပြီးစစ်ဆေးမည်
30-Nov-2019

ရန်ကုန်၊ နိုဝင်ဘာ၊ ၃၀

AA စစ်ဦးချုပ်၏ ညီမနှင့်ယောက်ဖအမှုကို ရှုပ်ထွေးအမှုဖြစ်သတ်မှတ်ကာ ကိုးလ (ရက်ပေါင်း ၂၇၀) အတွင်းစစ်ဆေး မည်ဟု နိုဝင်ဘာ ၂၉ ရက် မရမ်းကုန်းရုံးထုတ်အပြီးတွင် တရားရုံးပြန်ကြားရေးအရာရှိဦးမိုးဆွေက ပြောသည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် မရမ်းကုန်းတရားရုံး၌ တရားစွဲဆိုထားသော ယင်းအမှုအား နိုဝင်ဘာ ၂၉ရက်က တရားရုံး၌ အမှုစီမံခန့်ခွဲမှုအစည်းအဝေးကို ပြုလုပ်ခဲ့ကာ ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 

မမိုးနှင်းဖြူနှင့်ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့ကို မရမ်းကုန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှုးမင်းခိုင်မှ နိုဝင်ဘာ ၁ ရက်တွင် မရမ်းကုန်းတရားရုံး၌ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)(ခ)(ဂ)တို့ ဖြင့် စတင်တရားစွဲဆိုခဲ့သော်လည်း တရားရုံးမှ ပုဒ်မ ၅၂(က)ဖြင့်သာအရေးယူသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

AA စစ်ဦးစီးချုပ်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည် AA အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် ထွက်ပြေးတိမ်းရှောင်နေသော တရားခံကိုအားပေးကူညီခြင်းကြောင့်၂၀၁၄ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)(ခ)(ဂ)တို့ဖြင့် မရမ်းကုန်းရဲတပ်ဖွဲ့စခန်းမှ ဒုရဲမှုးမင်းခိုင်မှ အောက်တိုဘာ ၂၀ရက်နေ့တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ယင်းအမှု၏ နောက်ရုံးချိန်းကို ဒီဇင်ဘာ ၁၃ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီးနောက် အင်းစိန်ထောင်သို့ပြန်လည် ပိုဆောင်ခဲ့သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)သည် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၃နှစ်(သို့မဟုတ်)အများ ဆုံးထောင်ဒဏ် ၇နှစ် အထိချမှတ်ခံရမည့်အပြင် ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အေးချမ်းသူ
 



  • VIA