News

POST TYPE

POLITICAL

တပ်မတော်နှင့် AA မြို့နယ်လေးခုတွင် တိုက်ပွဲများဖြစ်ပွား
28-Nov-2019
 ရန်ကုန်၊ နိုဝင်ဘာ ၂၈
 
နိုဝင်ဘာလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား မြို့နယ်လေးမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖြစ်ပွားသည့် တိုက်ပွဲများ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 
နိုဝင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ရွာ မြောက်ဖက်(၁) ကီလိုမီတာခန့်အကွာအဝေးရှိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး တပ်မတော်မှ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြက်ချေးရွာအနီးတွင် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါနေရာတွင် နိုဝင်ဘာလ ၁၁ ရက်ကတည်းက တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း AA ကဆိုသည်။ 

ထို့ပြင် မြေပုံမြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၇ ရက်နေ့အတွင်းက တိုက်ပွဲများဖြစ်ပွားခဲ့ကာ မြေပုံမြို့နယ်၊ ဒင်္ဂါးရနှင့် တောင်ပြင်ရွာ အကြားတပ်မတော်ကို AA လက်နက်ကိုင်အဖွဲ့က အဝေးထိန်းရီမိုကွန်ထရိုးမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် မြေပုံမြို့နယ် ညောက်ကန်ကျေးရွာအုပ်စု စေတီတောင်ကျေးရွာအနီး နှစ်ဖက်တွေ့ဆုံတိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စေတီတောင်ကျေးရွာသားအားလုံး တစ်ယောက်မကျန် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

ပလက်ဝမြို့နယ်၊ ကလက်ချောင်းအရှေ့ဖက်၊ ဒိုးချောင်းဝရွာ အနီးတွင် တပ်မတော်အခြေပြုစခန်းတစ်ခုကို AA လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း AA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

(J- 08)



  • VIA