News

POST TYPE

POLITICAL

"ဝ"နှင့် မိုင်းလား ခေါင်းဆောင်များ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ဆုံ
31-Jul-2016 tagged as

ရန်ကုန်၊ ဇူလိုင် ၃ဝ              


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်ကို “ဝ” နှင့် မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက လာရောက် တွေ့ဆုံခဲ့ကြောင်း ယင်းပါတီထံမှ သိရသည်။


ဇူလိုင်လ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် “ဝ” အထူးဒေသ- ၂ ဦးပေါက်ယူယီ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မိုင်းလား အထူးဒေသ - ၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၈ဝ ဦးခန့်သည် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ဌာနချုပ်ရုံးသို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။


အဆိုပါ တွေ့ဆုံမှုတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟို အကြံပေး ဦးသိန်းဇော်၊ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အလုပ်အမှုဆောင် သူရ ဦးမြင့်မောင် အပါအဝင် ဗဟို အတွင်းရေးမှူး အဖွဲ့များ ပါဝင်ကြောင်း ကြံ့ခိုင်ရေး ပါတီထံမှ သိရသည်။


တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ “ဝ” ဒေသ ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများကို သမ္မတဟောင်း ဦးသိန်းစိန်အနေနှင့် လာရောက် ကြည့်ရှုရန် ဖိတ်ကြားခဲ့ကြောင်း ယင်း တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီဗဟို အလုပ်အမှုဆောင် တစ်ဦးက ပြောကြားသည်။


“ဥက္ကဋ္ဌကြီးလက်ထက်တုန်းက လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုးရေး အခြေအနေတွေကို ပြောဆို ဆွေးနွေး ကြပါတယ်၊ သူတို့ဘက်ကလည်း သူတို့ဒေသ တိုးတက်လာတဲ့ အခြေအနေတွေကို ရှင်းပြပါတယ်”ဟု ၎င်းက ဆိုသည်။


“ဝ”နှင့် မိုင်းလား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဇူလိုင်လ ၂၉ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။


“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) သည် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို တက်ရောက်ခြင်း မရှိဘဲ အစိုးရနှင့် သီးသန့် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။


UWSA နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့ (UWSA) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင်လည်း ဝင်ရောက် လက်မှတ်ရေးထိုးထားခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သည်။


  • VIA
  • TAGS