News

POST TYPE

POLITICAL

NCA အပစ်အခတ် ရပ်စဲရေး မူဘောင်ကို ပြန်လည်သုံးသပ် ပြင်ဆင်မည်
31-Jul-2016

နေပြည်တော်၊ ဇူလိုင်၃ဝ


အပစ်အခတ်ရပ်စဲရေး (NCA) တွင် လက်မှတ် ထိုးထားသော မူဘောင်ကို ပြန်လည်ပြင်ဆင် ရေးဆွဲရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦးက ပြောကြားသည်။


ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေး (UWSA)မှ အထူးဒေသ (၂) အဖွဲ့နှင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ဦးခင်ဇော်ဦးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။


“ပထမအကြိမ် ငြိမ်းချမ်းရေး ညီလာခံကို ယခင်အစိုးရ လက်ထက်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ရေးဆွဲထားတဲ့ မူဘောင်ဟာ ပြင်ဆင်ခွင့် ရှိတယ်လို့ ပါရှိပါတယ်။ ယခင် အခြေအနေနဲ့ လက်ရှိ အခြေအနေကလည်း ပြောင်းလဲလာပြီ ဖြစ်တဲ့အတွက်ကြောင့် မူဘောင် ပြင်ဆင်ဖို့ ဖြစ်လာပါတယ်။ တိုင်းရင်းသား ညီ အစ်ကိုတွေနဲ့အတူ မူဘောင်ကို ပြန်လည်ဆွေးနွေးပြီး ပြင်ဆင်သင့်တာတွေကို ပြင်ဆင်သွားပါမယ်”ဟု ၎င်းက ဆိုသည်။


တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲမှု စာချုပ် (NCA)သည် ပစ်ခတ် တိုက်ခတ်မှု အကြောင်းအရာများ သာမက နိုင်ငံရေး ဆွေးနွေးမှုများလည်း ပါဝင်သောကြောင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် မရေးထိုးသူများ ညီလာခံတွင် ပါဝင် လာနိုင်ရေးအတွက် ယင်းကဲ့သို့ မူဘောင် ပြင်ဆင်ရေးအတွက် ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူးက ဆိုသည်။ 


“လက်မှတ် မရေးထိုးထားတဲ့ သူတွေ ညီလာခံကို ဘယ်လို တက်မလဲဆိုတာ စဉ်းစားရမယ်”ဟု ဦးခင်ဇော်ဦးက ပြောကြားသည်။


ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ပင်လုံ) နှင့် ပတ်သက်၍ မရှင်းလင်းသည်များကို ရှင်းပြခဲ့ရပြီး UWSA အနေနှင့် သြဂုတ်လတွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်နိုင်ခြင်း ရှိ/ မရှိကိုမူ “ဝ”နယ်တွင် ကျန်ခဲ့သော အဖွဲ့ခေါင်းဆောင်နှင့်ညှိနှိုင်းကာ အကြောင်းပြန်မည် ပြောဆိုထားကြောင်း ၎င်းက ပြန်လည် ရှင်းပြသည်။


“သူတို့က ငြိမ်းချမ်းရေး ရမယ်လို့ ယုံကြည်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ လိုလားချက်တွေ ရွှေ့လာတယ်လို့ ထင်ပါတယ်”ဟု ဦးခင်ဇော်ဦးက ဆိုသည်။


“ဝ” ကိုယ်စားလှယ်အဖွဲ့သည် ယခင် အစိုးရနှင့်သော်လည်းကောင်း တပ်မတော်နှင့်သော်လည်းကောင်း ပြဿနာ တစ်စုံတစ်ရာ မရှိခဲ့သောကြောင့် ငြိမ်းချမ်းရေးအတွက် အစိုးရသစ်၏ လုပ်ဆောင်မှုကို ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူးက ထပ်လောင်း ပြောကြားသည်။


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် “ဝ” အထူး ဒေသ(၂) UWSA နှင့်အထူးဒေသ (၄) မိုင်းလား အဖွဲ့တို့သည် ဇူလိုင်၂၉ ရက်က တွေ့ဆုံခဲ့ပြီးနောက် ဇူလိုင် ၃ဝ ရက်တွင် UWSA နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၂ ရက် နေ့တွင် ရန်ကုန်မြို့ NRPC တွင် အထူးဒေသ (၄) မိုင်းလားအဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင်တို့ ထပ်မံ တွေ့ဆုံမည်ဖြစ်သည်။



  • VIA