News

POST TYPE

POLITICAL

ပအိုဝ်းပြည်နယ် ရရှိရေး ရည်မှန်းထားကြောင်း PNLO ဥက္ကဋ္ဌပြော
30-Jul-2016
မိုင်ဂျာယန်၊ ဇူလိုင်၂၉

အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးတွင် ပအိုဝ်းတိုင်းရင်းသားများ အတွက် ကိုယ်ပိုင် ပအိုဝ်းပြည်နယ် ရရှိရန် ရည်မှန်းထားကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောဆိုသည်။

ရှမ်းပြည်နယ်အတွင်း လက်ရှိတည်ရှိသော ပအိုးဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပအိုးဝ်ပြည်နယ်အဖြစ် ထူထောင်ရန် ရည်မှန်းထားကြောင်း၊ သို့သော် ပြည်နယ်ရရှိရေး အလျင်စလို လုပ်ဆောင်ရန် မရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“ပေါ်ပေါက်လာတဲ့ အခြေအနေတွေအပေါ် မူတည်ပါတယ်။ အဓိက ဦးတည်ချက်ကတော့ ဖက်ဒရယ်ပြည်ထောင်စုကို ကျွန်တော်တို့အားလုံး အတူတကွ ထူထောင်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ခွန်မြင့်ထွန်းက ဆိုသည်။

ပအိုးဝ်တိုင်းရင်းသားများမှာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ပျံ့နှံ့နေထိုင်လျက်ရှိသည်။ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်မှာ ယခင်အစိုးရ လက်ထက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ ဇူလိုင်လ ၂၆ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် အနာဂတ်ပြည်ထောင်စုကို ပြည်နယ်များအား အခြေခံ၍ ဖွဲ့စည်းရန် မူဘောင်ချမှတ်ထားသည်။ ယင်းမူဘောင်အရ ဗမာပြည်နယ်အဖြစ် သီးခြားပေါ်ထွန်းလာမည် ဖြစ်သလို ပြည်နယ်သစ်များလည်း ပေါ်ထွက်လာမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ဆိုသည်။

ရှမ်းပြည်နယ်အတွင်း တည်ရှိသော ‘ဝ’ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ‘ဝ’ ပြည်နယ် ရရှိရေး တောင်းဆိုမှုများ ရှိသလို ပလောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော (TNLA) ကလည်း ပလောင်ပြည်နယ် ရရှိရေး လက်နက်ကိုင် တိုက်ပွဲဆင်နွှဲလျက်ရှိသည်။