News

POST TYPE

POLITICAL

လက်နက်ကိုင်အဖွဲ့အားလုံး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရေး မိုင်ဂျာယန် အစည်းအဝေး မဆုံးဖြတ်နိုင်
30-Jul-2016
မိုင်ဂျာယန်၊ ဇူလိုင် ၂၉

ဒေါ်အောင်ဆန်းစုကြည်က သြဂုတ်လ မကုန်မီ ကျင်းပရန် ပြောဆိုထားသော ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံး တက်/မတက်ကို မိုင်ဂျာယန် အစည်းအဝေးက အဆုံးအဖြတ် မပေးနိုင်ကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ ဇူလိုင်လ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ ကျင်းပလျက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အစည်းအဝေး စတုတ္ထနေ့အပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“NCA လက်မှတ်ထိုးပြီးမှ တက်ခွင့်ရမလား။ မထိုးဘဲ တက်ခွင့်ရမလား အပေါ်လည်း မူတည်တယ်” ဟု နိုင်ဟံသာက ဆိုသည်။

လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် အရပ်ဘက် အဖွဲ့အစည်းအချို့ပါ တက်ရောက်နေသော မိုင်ဂျာယန် အစည်းအဝေးသည် ၂၁ ရာစုပင်လုံတွင် လက်နက်ကိုင် အဖွဲ့အစည်အားလုံး တက်/မတက် အဆုံးအဖြတ်ပေးမည့် အစည်းအဝေးဟု ထင်ကြေးပေးခံထားရသော်လည်း ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပေ။

မိုင်ဂျာယန် အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ဂိုရှန်ကမူ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို နေပြည်တော်တွင် ပြန်ဆုံမည်ဟု ပြောဆိုကာ အစည်းအဝေးကို နှုတ်ဆက်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံသို့ NCA စာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ တက်ရောက်မည် ဖြစ်သည်။

နိုင်ငံတော်၏ အတိုပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် NCA လက်မှတ်မထိုးပါက ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရာက်ခွင့်ရှိမည် ဖြစ်သော်လည်း လက်မှတ်ထိုးထားသော အဖွဲ့များနှင့် တန်းတူအခွင့်အရေးရမည် မဟုတ်ဟု ပြောဆိုကြောင်း သတင်းအချို့ ထွက်ပေါ်ခဲ့သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။