News

POST TYPE

POLITICAL

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြား ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန် ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း
30-Jul-2016
မိုင်ဂျာယန်၊ ဇူလိုင် ၃၀

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြား နိုင်ငံရေး ဆွေးနွေးရာတွင် အဆင်ပြေစေနိုင်ရန် ဆွေးနွေးရေး အဖွဲ့အစည်း တစ်ဖွဲ့ကို ဖွဲ့စည်းလိုကြောင်း ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောကြားလိုက်သည်။

မိုင်ဂျာယန်တွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး နောက်ဆုံးနေ့ ဖြစ်သည့် ယနေ့(ဇူလိုင် ၃၀ ရက်) နံနက်ပိုင်းက သဘာပတိအဖြစ် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

"ပိုပြီး အရေးကြီးတာကတော့ ကျွန်တော်တို့ အခုလို တွေ့ဆုံတဲ့အခါမှာ အပစ်ရပ်အဖွဲ့ အပစ်မရပ်အဖွဲ့ဆိုပြီး ခွဲခြား မနေဘဲနဲ့ အစိုးရနဲ့ ဆွေးနွေးတဲ့အခါ စုစုစည်းစည်း ဖြစ်နိုင်ဖို့အတွက် ဆွေးနွေးရေးအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းမယ်ဆို ပိုပြီး ကောင်းမယ်လို့ ယုံကြည်ပါတယ်။ ဒီလို ဖွဲ့နိုင်မယ်ဆိုရင် အစိုးရနဲ့ ဆွေးနွေးတဲ့အခါမှာပဲဖြစ်ဖြစ် တိုင်းရင်းသား ညီလာခံမှာပဲဖြစ်ဖြစ် ဆွေးနွေးနိုင်လို့ ဒီဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ကျွန်တော် တိုက်တွန်းလိုပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

အဆိုပါ အဖွဲ့ကို တစ်သီးတခြား ဖွဲ့စည်းရန် မဟုတ်ဘဲ ယခုလက်ရှိ ရှိနေသည့် UNFC ၏ ဦးဆောင်မှုအောက်တွင် နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန်ဖြစ်ကြောင်း၊ ထိုသို့ ဖွဲ့စည်းခြင်းဖြင့် ရှေ့ဆက် လုပ်ငန်းစဉ်များတွင် အဆင်ပြေမည်ဟု ယုံကြည်ကြောင်း ဆက်လက် ပြောကြားသည်။

ညီလာခံကို ပြီးခဲ့သည့် လေးရက်အတွင်း အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုင်ရာ ဥပဒေ အခြေခံမူများ ချမှတ်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ခဲ့ပြီး ယနေ့ နောက်ဆုံးနေ့တွင် လေးရက်သာ အစည်းဝေးအား ခြုံငုံ၍ ဘုံသဘောထား တစ်ရပ် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။


  • VIA