News

POST TYPE

POLITICAL

FACT FINDING MISSION အဖွဲ့ မြန်မာပြည်သို့ ဝင်ခွင့်မပြုရန် ဆန္ဒပြ
10-Aug-2019

ရန်ကုန်၊ ဩဂုတ် ၁၀

ကုလသမဂ္ဂလက်အောက်ခံ FACT FINDING MISSION အဖွဲ့ကို မြန်မာပြည်သို့ ဝင်ခွင့်မပြုရန် ဆရာတော် ဦးပါမောက္ခ ဦးဆောင်သော အမျိုးသားအင်အားစုများက ဩဂုတ် ၁၀ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြခဲ့ကြပြီး အဆိုပါအဖွဲ့ ထုတ်ပြန်ချက်ကိုလည်း ကန့်ကွက်ခဲ့ကြသည်။

FACT FINDING MISSION အဖွဲ့အနေနှင့် ဩဂုတ် ၅ ရက်နေ့တွင် တပ်မတော်၏ စီးပွားဘက်များနှင့် မြန်မာနိုင်ငံကို လက်နက်ရောင်းချမှု အရေးယူပေးပါရန် တောင်းဆိုသည့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ သည်။

“ထုတ်ပြန်ချက်က မြန်မာ အချုပ်အခြာ အာဏာကို ထိပါးရုံမဟုတ်ဘူး၊ ဘက်ပေါင်းစုံက ပျက်စီးအောင် လုပ်နေသလို ဖြစ်နေတယ်”ဟု ဆရာတော် ဦးပါမောက္ခက မိန့်သည်။

မြန်မာနိုင်ငံအား စီးပွားရေး၊ လူမှုရေး၊ စစ်ရေးဘက်ပေါ်င်းစုံမှ အကျပ်အတည်း တွေ့အောင် လုပ်နေသော အဖွဲ့အစည်း မှန်သမျှကို ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂလက်အောက်ခံ လွတ်လပ်သော အချက်အလက်ရှာဖွေရေး မစ်ရှင်၏ ထုတ်ပြန်ချက်များမှာ တစ်ဖက်သတ် ဆန်လွန်းသောကြောင့် အစိုးရက အသိအမှတ် မပြုသလို ပြည်သူကလည်း အသိအမှတ် မပြုသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်း အမျိုးသားရေး ကွန်ရက်မှ နောင်တော်လေးက ပြောသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံအတွက် သီးခြားသီးသန့် အချက်အလက်ရှာဖွေရေး အဖွဲ့အစည်းအား ၂၀၁၇ ခုနှစ် ဩဂုတ် ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့က တပ်မတော်အနေနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီထောင်ပေါင်း များစွာကိုသတ်ဖြတ်၍ မိန်းကလေးများအား မုဒိမ်းကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကျေးရွာများမီးရှို့ခြင်း စသည်တို့ကို ဖော်ပြထားကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

“ရဲစခန်း ၃၀ လောက် အတိုက်အခိုက် ခံရတာကျတော့ အစီရင်ခံစာမှာ မပါဘူး။ အချက်အလက် ရှာရေးအဖွဲ့က အကြမ်းဖက်အားပေးသလို ဖြစ်နေတယ်”ဟု ဆရာတော်က ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အချက်အလက် ရှာဖွေရေးမစ်ရှင်ကို စတင် ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ကာ အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်မှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များဖြစ်ပြီး အစီရင်ခံစာကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ဩဂုတ် ၆ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အေးချမ်းသူ