News

POST TYPE

POLITICAL

ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာကို မြန်မာအစိုးရ ပယ်ချ၊ စတင်ဖွဲ့စည်းစဉ်ကပင် အသိအမှတ်မပြုကြောင်း
06-Aug-2019

ရန်ကုန်၊ ဩဂုတ် ၆

ပြီးခဲ့သည့်ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အချက်အလက်ရှာဖွေရေးမစ်ရှင် (Fact Finding Mission) ၏ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အစီရင်ခံစာကို အသိအမှတ်မပြုကြောင်းနှင့် ပြတ်ပြတ်သားသား ပယ်ချကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာအစိုးရအနေနှင့် အဆိုပါ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို စတင်ဖွဲ့စည်းခင်ကပင် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ ကျော်လွန်လုပ်ဆောင်မှုကြောင့် ကန့်ကွက်ခဲ့ပြီးဖြစ်ရာ ယင်းမစ်ရှင်က ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာကို အသိအမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြန်လည်ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က ဩဂုတ်လ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည့်အစီရင်ခံစာတွင် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ၊ ရခိုင်အရေး ပါဝင်ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများမှ ရရှိသော ဝင်ငွေများမှတစ်ဆင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့်အတွက် အရေးယူပိတ်ဆို့ရန် တောင်းဆိုသည့် ဖော်ပြချက်များ ဖော်ပြခဲ့သည်။

ထို့ပြင် မြန်မာအစိုးရအနေနှင့်လည်း ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရးကော်မရှင်ဖွဲ့စည်းကာ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့တပ်မတော်အနေနှင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိုးရအနေနှင့် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသားပယ်ချကြောင်း ယင်းအစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် တစ်စုံတစ်ရာ အထောက်အကူဖြစ်စေမည်ဟုလည်း မယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

ယင်းသို့ စီးပွားရေး ပိတ်ဆို့မှုများက မြန်မာနိုင်ငံ၏စိန်ခေါ်မှု အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည်ဟု မယုံကြည်ကြောင်းလည်း မြန်မာအစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် တပ်မတော်နှင့်သက်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများသာမက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံရန် ငွေကြေးထောက်ပံ့ခဲ့သည့် ကမ္ဘောဇကုမ္ပဏီအုပ်စု (KBZ)၊ မက်စ်မြန်မာ ကုမ္ပဏီ အစရှိသည့် ကုမ္ပဏီများကိုလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်သည်ဟု စွပ်စွဲထားသည်။

ထို့ပြင်တပ်မတော်နှင့် စီးပွားရေး အဆက်အသွယ်ရှိသော စီးပွားရေးလုပ်ငန်းများကိုလည်း ပိတ်ဆို့ရန်နှင့် တပ်မတော်အပေါ် လက်နက်ရောင်းချမှုများကိုလည်း ပိတ်ဆို့ပေးရန်လည်း အစီရင်ခံစာတွင် တောင်းဆိုထားသည်။

ယင်းအစီရင်ခံစာတွင် တပ်မတော်ခေါင်းဆောင်များနှင့် ပတ်သတ်သည့် ထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ စသည်တို့ အပါအဝင် တပ်မတော်နှင့်ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းများကို ထုတ်ဖော်ထားပြီး ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများအတွက် ယင်းလုပ်ငန်းများက ငွေကြေးအမြောက်အများ ထောက်ပံ့ခဲ့ကြောင်းလည်း ယင်းအစီရင်ခံစာတွင် စွပ်စွဲထားသည်။

၎င်းတို့က ပိတ်ဆို့ပေးရန် တောင်းဆိုခဲ့သည့် စီးပွားရေးလုပ်ငန်းပေါင်း ၄၅ ခုထိရှိခဲ့ကာ တပ်မတော်ထိန်းချုပ်ထားသည့် စီးပွားရေး လုပ်ငန်းများကို ချက်ချင်း အရေးယူဆောင်ရွက်ပေးရန်လည်း တောင်းဆိုချက်တွင်ဖော်ပြခဲ့သည်။

အဆိုပါ သီးခြားလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေး မစ်ရှင်အနေနှင့် ယင်းအစီရင်ခံစာကို လာမည့်စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

J-08