News

POST TYPE

POLITICAL

ခြေ/ဥကို အစိုးရနှင့် တပ်မတော်ညှိ၍ ပြင်ဆင်ပေးတော်မူကြပါဟု တိုင်းရင်းသားအမတ်နှစ်ဦးပြော
02-Aug-2019
နေပြည်တော်၊ ဩဂုတ် ၁

အခြေခံဥပဒေကို တပ်မတော် အပါအဝင် အာဏာရပါတီတို့က ညှိနှိုင်း၍ ပြင်ဆင်ပေးတော်မူကြပါဟု လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက တင်ပြပြောဆိုလိုက်သည်။

ယနေ့ (သြဂုတ်လ ၁ ရက်) ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးက အပြီးသတ် ဆွေးနွေးရာတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဦးစိုင်းထွန်းအေးနှင့် ဇိုမီးဒီမိုကရေစီပါတီမှ ဦးခမ်ခန့်ထန်တို့က တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ပြည်သူကို ချစ်သော တပ်မတော်သား ကိုယ်စားလှယ်များအနေနဲ့သော်လည်းကောင်း၊ လွှတ်တော်တွင်းမှာ အဓိကကျတဲ့ အင်အားစုဖြစ်တဲ့ ပြည်သူက အားကိုးတဲ့ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်းကောင်း ပြည်သူ့အကျိုး၊ ပြည်သူ့မျက်နှာကို ရှေးရှု၍ ပြည်သူများနဲ့အတူ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျကျ ပြင်ဆင်ပေးတော်မူကြပါလို့ တိုက်တွန်းရင်း နိဂုံး ချုပ်ပါတယ်”ဟု ဦးစိုင်းထွန်းအေးက ပြောသည်။

ယင်းအပြင် ဦးခမ်ခန့်ထန်ကလည်း အထက်ပါစကားနှင့် အလားတူ ပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီနှင့် တပ်မတော်တို့၏ ထိပ်ပိုင်းခေါင်းဆောင်တို့ ပြေလည်အောင် ညှိနှိုင်းပြီးမှသာ ပြင်ဆင်ရေးသည် အဆင်ပြေမည်ဟု ယုံကြည်ကြောင်း ၎င်းတို့ အပါအဝင် ပါတီငယ်များမှ ကိုယ်စားလှယ်တို့က ပြောဆိုထားသည်။

အစီရင်ခံစာကို ကြံ့ခိုင်ရေးပါတီဝင်များက ဆက်လက် ကန့်ကွက်ခဲ့ကြပြီး အခြေခံဥပဒေ အခန်း ၁၂ ပါ ပြင်ဆင်ရေးဘောင်အတွင်းမှ ပြင်ဆင်ရန် ထောက်ပြခဲ့ကြသည်။

လက်ရှိအခြေအနေသည် ဥပမာအားဖြင့် ကြွေးတောင်းမည့်သူလာလျှင် လင်မယား စကားများဟန်ဆောင်ခြင်းကြောင့် ကြွေးတောင်းသူကို လှည့်စားပြသည့်သဘော ဖြစ်နေသောကြောင့် အချိန်ကြာလာပါက ဥပဒေပြင်ဆင်ရေးကို လူနည်းစုတိုင်းရင်းသားတို့က အထင်အမြင် လွဲသွားမည်ကို သတိထားသင့်ကြောင်း မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်းက ဆွေးနွေးတင်ပြသည်။

“၂၀၀၈ ဖွဲ့စည်းပုံ တံခါးသော့ နှစ်ချောင်းကို ပိုင်ဆိုင်ထားကြတဲ့ NLD ပါတီနဲ့ တပ်မတော်တို့ ညှိညှိနှိုင်းနှိုင်းနဲ့ အစကတည်းက ဒီလမ်းကြောင်းကို သွားကြမယ်ဆိုရင် ခုချိန်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အတော်ခရီးပေါက်နေပြီလို့ ထင်မြင်မိပါတယ်”ဟု ၎င်းကဆိုသည်။

ပြင်ဆင်ရေးတွင် ပြည်သူ့သဘောထား ဆိုသည်ထက် လွှတ်တော်အတွင်း ဆွေးနွေးမှု မပြုခင်ကတည်းက ပါတီ၊ အဖွဲ့အစည်းတို့၏ လမ်းမထွက် ဆန္ဒဖော်ထုတ်မှုများသည် မဲဆွယ်ပုံရိပ်များနှင့် တူညီနေကြောင်း ဦးဖေသန်းက ထပ်လောင်းပြောသည်။

“ကျွန်တော်တို့ အဖြစ်က အကန်းနဲ့ အကျိုးကို ပေါင်းစပ်သွားနိုင်ပါမှ လိုရာခရီးကို ရောက်မယ့် အခြေအနေမျိုး ရောက်နေပါတယ်”ဟု ၎င်းကဆိုသည်။

၎င်းတို့အနေနှင့် တပ်မတော်နှင့် အစိုးရ အဆင်ပြေသည့် မူနှင့် ပြင်ဆင်နိုင်သည့် ပုဒ်မများကို ဦးစွာပြင်ဆင်စေလိုကြောင်း အကြံပြုချက်များ တင်ပြခဲ့ကြသည်။

အစီရင်ခံစာကို ဇူလိုင် ၃၀ နှင့် ယနေ့ (ဩဂုတ် ၁) တွင် ကိုယ်စားလှယ် ၄၂ ဦးဆွေးနွေးခဲ့ကြပြီး ဆက်လက် လုပ်ဆောင်ရမည့် အခြေအနေများကို ကြေညာပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာပြီး အစည်းအဝေးကို ရပ်နားခဲ့သည်။

S-01