News

POST TYPE

POLITICAL

လူ့အခွင့်အရေးကော်မရှင် အစီရင်ခံစာ လွှတ်တော်ကိုယ်စားလှယ်များ အပြင်းအထန် ဝေဖန်
29-Jul-2016
နေပြည်တော်၊ ဇူလိုင် ၂၈

ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၅ နှစ်ပတ်လည် အစီရင်ခံစာမှာ ကော်မရှင် ကောင်းစွာလည်ပတ်သည့် အခြေအနေ မတွေ့ရသောကြောင့် ကော်မရှင်ကို အသစ်ဖွဲ့စည်းပေးရမည်အထိ အားနည်းမှုများ ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တင်သွင်းသော ၂၀၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက အပြင်းအထန် ဝေဖန်မှုကြောင့် အသေးစိတ် အစီရင်ခံစာ ပြန်လည်တင်သွင်းပေးမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမရက ပြောကြားခဲ့သည်။
“အထူးအလေးထားပြီး ဆောင်ရွက်သွားပါ့မယ်၊ အားနည်းခဲ့တဲ့အတွက် ၂၀၁၆ ခုနှစ် အစီရင်ခံစာကျရင် ပီပီပြင်ပြင် ဆောင်ရွက်တင်ပြပါ့မယ်” ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမရက ဆိုသည်။

ကော်မရှင်သည် နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများ၊ ပြည်သူလူထု လုံခြုံမှု၊ မူးယစ်ဆေး၊ မြေယာသိမ်းဆည်းမှု၊ ကျူးကျော်ကိစ္စ ဖြေရှင်းမှု အပါအဝင် ပစ်ခတ်ခံရမှုကြောင့်သေဆုံးရသည့် အရပ်သားများ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကို လုပ်ဆောင်ရန် တာဝန်ပျက်ကွက်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးဌေးဦးက လွှတ်တော်သို့ တင်ပြပြောဆိုသည်။
“ကော်မရှင်တစ်ဖွဲ့လုံးကို ပြောင်းလဲဖို့ အကြံပြုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းအပြင် ကော်မရှင် အဖွဲ့ဝင်များ ခန့်အပ်စဉ်က စိစစ်ရွေးချယ်သည့် အဖွဲ့ဝင်များသည်ပင်လျှင် ကော်မရှင်တွင် ပါဝင်နေကြောင်း ဒေါပုံမဲဆန္ဒနယ်မှ ဦးပြုံးချိုက ဆိုသည်။

“သတင်းမီဒီယာတွေမှာပါတဲ့ ကိစ္စတွေဟာ ကော်မရှင် အစီရင်ခံစာမှာ မပါပါဘူး၊ ကော်မရှင်ဟာ ဥပဒေရဲ့ အဓိက ရည်ရွယ်ချက်ကို ပေါက်မြောက်မှု မရှိစေတာ ဘာအခက်အခဲ ရှိနေပါသလဲလို့ မေးချင်ပါတယ်” ဟု ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က ဆိုသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆောက်လုပ်ထားခြင်း ဖြစ်သောကြောင့် အကျဉ်းသားများကို နေရာခက်ခဲခြင်း၊ စားသောက်စရိတ် စသည့် အခွင့်အရေး မပေးနိုင်ခြင်း၊ အချုပ်သားကို သံခြေချင်းခတ်ခြင်း စသည့် အကြောင်းအရာများသည်လည်း လူ့အခွင့်အရေးကော်မရှင် အနေနှင့် ထည့်သွင်းစိစစ်၍ ပြုပြင်ပေးစေလိုကြောင်း ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ပြောကြားသည်။
“ကော်မရှင်ဟာ ဒီထက်အလုပ်လုပ်ဖို့ လိုပါတယ်၊ ကြီးကြီးကျယ်ကျယ် ဆောင်ရွက်တာ ဘာတစ်ခုမှ မတွေ့ရပါဘူး” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်က ဆိုသည်။

ကိုယ်စားလှယ်များ၏ ထောက်ပြဝေဖန်မှုများကြောင့် ကော်မရှင်အနေနှင့် ကျေးဇူးတင်ရှိပြီး အသေးစိတ် သိရှိနိုင်ရန် စာဖြင့် အသေးစိတ် ရေးသားကာ လွှတ်တော်သို့ ပြန်လည်တင်ပြမည် ဖြစ်ကြောင်း ကော်မရှင်ဥက္ကဌ ဦးဝင်းမရက ပြည်ထောင်စုလွှတ်တော် နာယကထံ ခွင့်တောင်းခံခဲ့သည်။

ကော်မရှင်သည် ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သောအဖွဲ့ ဖြစ်သောကြောင့် ဥပဒေ ရေးဆွဲရာတွင် အချိန်စောင့်ဆိုင်းခဲ့ရကြောင်း၊ ပြည်တွင်းပြည်ပ တိုင်ကြားစာများကို စိစစ်ရာတွင် ၃၈၇၆ မှု ရရှိခဲ့ပြီး စုံစမ်းစစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြထားရာတွင် ပြန်လည်ရောက်ရှိလာမှု မရှိသေးသည့် အခြေအနေများလည်း ရှိကြောင်း၊ ကော်မရှင်သည် စိစစ်၍ တင်ပြရသည့် တာဝန်သာ ရှိသောကြောင့် လူ့အခွင့်အရေးကို ပြောင်းလဲပေးနိုင်မည့် အခြေအနေ မရှိကြောင်း၊ ယင်းသို့ ပြောင်းလဲပေးရမည်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့သာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော်မရှင်သည် လူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်လာသော နေရာများကို ကွင်းဆင်းစစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြထားရာတွင် ယခင်အစိုးရ လက်ထက်တွင် ပြန်ကြားမှု မရှိခဲ့ဘဲ ယခုအခါ ၂၉ ရာခိုင်နှုန်း ပြန်ကြားမှု ရရှိခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် ကော်မရှင်၏ အစီရင်ခံစာကို ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။