News

POST TYPE

POLITICAL

ဟင်္သာတတွင် ရဲအုပ်တစ်ဦးကို အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးထံ တိုင်ကြား
02-Jul-2019
ဟင်္သာတ၊ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အမှတ် ၂ နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးကို လာဘ်ငွေတောင်းခံသည်ဟုဆိုကာ စစ်ဆေးအရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အပါအဝင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ဇူလိုင်လ ၂ ရက်နေ့ နံနက်က တိုင်စာပေးပို့ခဲ့ကြောင်း တိုင်ကြားသူ ဦးခင်မောင်မြင့်က ပြောကြားသည်။

အမှတ်၂ နယ်မြေစခန်းမှူး ရဲအုပ်နေဇင်သည် တရားမဝင်နှစ်လုံးထီ၊ သုံးလုံး ထီလုပ်ငန်း လုပ်ကိုင်သူများထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟုဆိုကာ ပြည်ထောင်စု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံသို့ မေလ ၃၀ ရက်နေ့က တိုင်စာပေးပိုခဲ့သော်လည်း စစ်ဆေးအရေးယူပေးခြင်းမရှိသောကြောင့် ဒုတိယအကြိမ် ထပ်မံတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားသည်ဆိုသည့်အချက်မှာ ရဲတပ်ဖွဲ့လုပ်ဆောင်မှုအပေါ် မကျေနပ်၍ စွပ်စွဲတိုင်ကြားခြင်းသာဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်အရေးယူနေမှုအပေါ် ဦးခင်မောင်မြင့်က နှောင့်ယှက်သဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားကြောင်း၊ ယင်းကဲ့သို့ အမှုဖွင့်ခံရခြင်းအပေါ် မကျေနပ်ဖြစ်ကာ စွပ်စွဲတိုင်ကြားခြင်းသာဖြစ်ပြီး လောင်းကစားလုပ်ငန်းများကို အထူးနှိမ်နင်းနေကြောင်း နယ်မြေစခန်းမှူး ရဲအုပ်နေဇင်က ပြောကြားထားသည်။

R-13