News

POST TYPE

POLITICAL

ရန်ကုန်တွင် အသစ်ဖွဲ့မည့်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဒေါ်မိုးမိုးစုကြည်ကို အမည်စာရင်းတင်သွင်း
01-Jul-2019
ရန်ကုန်၊ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးဌာနအသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းခဲ့ရာ၌ အဆိုပါ ဝန်ကြီးဌာန၏ ဝန်ကြီးရာထူးအဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်ကို အမည်စာရင်းတင်သွင်းခဲ့သည်။

ဇူလိုင်လ ၁ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်သို့ အဆိုပါ အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသစ်ဖွဲ့စည်းလိုက်သည့် ဝန်ကြီးဌာနသည် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာနဟု အမည်ပေးထားပြီး အမည်စာရင်း တင်သွင်းခံရသော ဒေါ်မိုးမိုးစုကြည်သည် NLD ပါတီ၏ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ကာ တိုင်းဒေသကြီး အစိုးရ၏ ကတိကဝတ် အာမခံချက်များနှင့် လွှတ်တော် အခွင့်အရေးကော်မတီတွင် အတွင်းရေးမှူး တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

၎င်း၏အမည်စာရင်းကို လွှတ်တော်သို့ပေးပို့ခဲ့ပြီး အတည်ပြုခန့်အပ်ရေး ကတိသစ္စာပြုခြင်းတို့ကို နောက်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းသို့ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရေးအတွက် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးကို ပေးပို့ခဲ့ခြင်းဖြစ်ကာ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အတည်ပြုခဲ့ပြီးဖြစ်သည်။

J-08