News

POST TYPE

POLITICAL

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်ဈေးလေးခု ယခုလအတွင်း စဆောက်မည်
03-Jun-2019

မော်လမြိုင်၊ ဇွန် ၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်ဈေးလေးခုတည်ဆောက်ရေးမှာ ကန့်ကွက်သူများရှိနေသော်လည်း ဘတ်ဂျက်ကျထားပြီးဖြစ်၍ ယခုလအတွင်း စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

“ရပ်ကွက်ကလည်း ဆောက်စေချင်တယ်။ ဈေးဝယ်သူတွေကလည်း ဆောက်စေချင်တယ်။ ရောင်းသူတွေအနည်းစုကသာ ကန့်ကွက်နေတာ။ သူတို့ဟာလည်း ဘာမှမဖြစ်အောင် ဈေးကလည်းရှောင်လို့ မရတော့ဘူး။ ဘတ်ဂျက်ကလည်း ကျပြီးနေပြီ။ ပြန်အပ်ရင် နာမှာစိုးလို့။ ဘယ်နားမှာ ဆောက်မလဲဆိုတာတော့ သူတို့ အတိုက်အခံနဲ့ အငြင်းပွားဖွယ်ရာတော့ မလုပ်တော့ဘူး။ အစိုးရဘက်တော့ ဆောက်မှာပဲ”ဟု ဝန်ကြီး ဦးမင်းကျော်လွင်က ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ သီရိမြိုင်၊ ရွှေမြိုင်သီရိ၊ မြိုင်သာယာနှင့် ဒိုင်းဝန်းကွင်း ပျံကျဈေးလေးခုကို ယခုဇွန်လဒုတိယပတ်၌ စတင်တည်ဆောက်မည်ဖြစ်ပြီး ယင်းဈေးများ တည်ဆောက်ရန်အတွက်ကိုလည်း ယခုနှစ် သြင်္ကန်မတိုင်မီကာလကပင် အသိပေးထားကြောင်း၊ ဈေးများတည်ဆောက်ရန်အတွက် ပြည်သူများကတောင်းဆိုခဲ့သည့်အတွက် အစိုးရအနေနှင့် ဘတ်ဂျက်ငွေ တင်ပြတောင်းဆိုခဲ့ကြောင်း ဝန်ကြီးကရှင်းပြသည်။

အဆိုပါဈေးများတွင် ရောင်းချနေသည့် ဈေးသည်များ၊ ပျံကျများကိုလည်း စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း၊ ထပ်တိုးလာမည့် ပျံကျများလည်းရှိကြောင်း၊ ရပ်ကွက်နေပြည်သူများကလည်း ထောက်ခံစာပေးပို့လာကြောင်း၊ ဈေးဆောက်ပြီးပါကလည်း ၎င်းတို့၏နေရာများအတိုင်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားသည်။

ယင်းဈေးများ တည်ဆောက်ရန်အတွက် တင်ဒါခေါ်ရန် အချိန်မမီတော့သဖြင့် အစိုးရအနေနှင့် စိတ်ချရသည့်ကုမ္ပဏီကိုသာအပ်နှံ၍ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအတွက် အစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။

မော်လမြိုင်မြို့ရှိ ရပ်ကွက်ဈေးလေးခုနှင့် ကျိုက်မရောမြို့မဈေး RC (၂) ထပ် အဆင့်မြှင့်တင်ခြင်းအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဈေးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွင် ရရှိထားသည့် မြိုင်ရတနာ သားငါးဈေးအတွက် ငွေကျပ်သန်း ၁၆၈၀ ကို ခွဲဝေ၍တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မြိုင်သာယာဈေးကို ကျပ် ၅၄၄ ဒသမ ၅၈ သန်း၊ သီရိမြိုင်ဈေးကို ၁၀၈ ဒသမ ဝ၀ သန်း၊ ရွှေမြိုင်သီရိဈေးကို ၃၅၉ ဒသမ ၉၅ သန်း၊ ဒိုင်းဝန်းကွင်းပျံကျဈေးကို ၇၉ ဒသမ ၈၆ သန်းနှင့် ကျိုက်မရောမြို့မဈေးအဆင့်မြှင့်တင်ခြင်းအတွက် ကျပ် ၅၈၇ ဒသမ ၆၁ သန်းခွဲဝေပေးခဲ့ကြောင်း ပြည်နယ်စည်ပင်သာယာရေး၏စာရင်းများအရ သိရသည်။

R-21