News

POST TYPE

POLITICAL

တိုက်ပွဲဖြစ်ပွားမှု နည်းလာခြင်းသည် ရလဒ်ကောင်းဟု တပ်မတော်ဆို
03-Jun-2019
 နေပြည်တော်၊ ဇွန် ၂

စစ်ဆင်ရေး ရပ်ဆိုင်းထားသည့် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုတွင် မေလအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ငါးကြိမ်သာဖြစ်ခဲ့ခြင်းသည် တိုက်ပွဲလျော့ကျလာခြင်းဖြစ်သောကြောင့် ရလဒ်ကောင်းဟုထင်မြင်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

“ဒါကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဇွန် ၂ ရက်နေ့က နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မှတ်တမ်းအရ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် တပ်မတော်နှင့် အေအိုင်အေတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ၃ ကြိမ်နှင့် တပ်မတော်နှင့် TNLA တို့ နှစ်ကြိမ် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တြိဂံတိုင်းစစ်ဌာနချုပ် နယ်မြေတွင် တပ်မတော်နှင့် RCSS/SSA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု တစ်ကြိမ်ရှိခဲ့ကြောင်း ၎င်းကရှင်းပြသည်။

တပ်မတော်အနေနှင့် အပစ်အခတ် ရပ်ထားသည့် လေးလ၏ နှောင်းပိုင်းကာလများတွင် တိုက်ပွဲများ အနည်းငယ် လျော့လာပြီး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ၏ လူသစ်စုဆောင်းမှုမှာ တိုးလာသည်ကို တွေ့ရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၂၃ အတွင်းနှင့် မတ်လ ၂၄ ရက်မှ ဧပြီ ၃၀ အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိတွေ့ တိုက်ပွဲ အနည်းငယ် လျော့ကျသကဲ့သို့  လက်နက်ကိုင်အချင်းချင်း တိုက်ပွဲလည်း လျော့ကျလာကြောင်း ၎င်းက မေလ ၅ ရက်က ပြောဆိုထားသည်။

စာရင်းချုပ်အရ တပ်မတော်မှ အပစ်အခတ်ရပ်ထားသည့် ရက်ပေါင်း ၁၃၀ တွင် တပ်မတော်နှင့် လက်နက်ကိုင် ထိတွေ့တိုက်ပွဲ ၅၃ ကြိမ်၊ လက်နက်ကိုင် အချင်းချင်း ၄၅ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေလှုပ်ရှားမှု ၄၆၉ ကြိမ်၊ ဆတ်ကြေးကောက်ခံမှုအကြိမ် ၄၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၅၁ ကြိမ်ရှိကြောင်း တပ်မတော်၏မှတ်တမ်းက ထုတ်ပြန်ထားသည်။

တပ်မတော်အနေနှင့် အပစ်အခတ် ရပ်စဲရေးကို ဇွန်လ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ကြောင်း ကြေညာထားပြီးဖြစ်သည်။

S-01