News

POST TYPE

POLITICAL

အခြေခံဥပဒေ ပုဒ်မလေးခုပြင်ရန် ကြံ့ခိုင်ရေးပါတီ လွှတ်တော်သို့ ယနေ့တင်မည်
28-May-2019
နေပြည်တော်၊ မေ ၂၈

အခြေခံဥပဒေတွင်ပါသော ပုဒ်မလေးခုကိုပြင်ဆင်ရန် မေ ၂၉ (ယနေ့) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန်ရှိကြောင်း လွှတ်တော်၏လျာထားချက်တွင် တွေ့ရှိရသည်။

ပြင်ဆင်မည့်ပုဒ်မများမှာ ပုဒ်မ ၂၄၈၊ ပုဒ်မ၂၆၄၊ ပုဒ်မ ၃၂၂ နှင့် ပုဒ်မ ၄၀၂ တို့ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက The Voice သို့ အတည်ပြုပြောကြားသည်။

အဆိုပါပြင်ဆင်ရေးကို တပ်မတော်၊ကြံ့ခိုင်ရေးပါတီနှင့် တိုင်းရင်းသားကိုယ်စားလှယ်အချို့ ပါဝင်သော ကိုယ်စားလှယ်ပေါင်း ၁၄၅ ဦးက လက်မှတ်ရေးထိုးထားခြင်းဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင် ဒေါက်တာ ဦးမောင်သင်း (မိထ္ထီလာမဲဆန္ဒနယ်) က အဆိုတင်သွင်းမည်ဖြစ်သည်။

ပြင်ဆင်ရန်တင်ပြမည့်ကိစ္စကို လွှတ်တော်က လျာထားချက်တွင်ထည့်သွင်းထားပြီဖြစ်သော်လည်း အဆိုတွင်ပါရှိသည့်ကိစ္စကို မီဒီယာများထံ ထုတ်ဖော်မပြောနိုင်သေးကြောင်း အဆိုတင်သွင်းမည့် ဒေါက်တာ ဦးမောင်သင်းက ပြောကြားသည်။

ကြံ့ခိုင်ရေးပါတီကိုယ်စား ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန် ဖေဖော်ဝါရီ ၁၉ ရက်က ပထမတစ်ကြိမ် တင်သွင်းခဲ့ပြီးဖြစ်သည်။

ယင်းပြင်ဆင်ချက်ကို ဇန်နဝါရီ ၂၉ ရက်က NLD ပါတီမှ တင်သွင်းထားသည့် အားလုံးပါဝင်သော သုံးသပ်ပြင်ဆင်နိုင်ရေးအတွက် မူကြမ်းရေးဆွဲမည့်ကော်မတီ၏ ပြင်ဆင်ရေးလုပ်ငန်းနှင့် ပူးတွဲလုပ်ဆောင်ရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ထားသည်။

NLD ပါတီက တင်သွင်းထားသည့်ဥပဒေပြင်ရေးကိစ္စကို တပ်မတော်အပါအဝင် ကြံ့ခိုင်ရေးပါတီတို့က ဥပဒေနှင့် မညီဟုဆိုကာ လွှတ်တော်တွင် ကန့်ကွက်ထားသည်။

S-01