News

POST TYPE

POLITICAL

လှိုင်သာယာရှိကျောင်း ၂၂ ကျောင်းတွင် အမှိုက်လျှော့ချရေးနှင့် စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေးမည်
22-May-2019
ရန်ကုန်၊ မေ ၂၂
 
Clean Yangon ၏ စေတနာ့ဝန်ထမ်းများမှ ယခုပညာသင်နှစ်တွင် လှိုင်သာယာမြို့နယ်ရှိ အခြေခံပညာကျောင်း ၂၂ ကျောင်းတွင် အမှိုက်လျှော့ချရေးအစီအစဉ်နှင့် စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး အစီအစဉ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Clean Yangon မှ အသိပညာပေးသင်ကြားရေး တာဝန်ခံ ကိုထူးမြတ်အောင်ကပြောသည်။
 
လှိုင်သာယာမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်း ၅၈ ကျောင်းရှိပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စာသင်ကျောင်း ၃၆ ကျောင်းတွင် စွန့်ပစ်အမှိုက်နှင့်ပတ်သက်၍ အသိပညာပေး သင်ကြားခဲ့ကာ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ကျန်ရှိသည့် ၂၂ ကျောင်း၌ ဇွန်လမှစတင်ကာ အသိပညာပေးခြင်း အစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
 
“စွန့်ပစ်အမှိုက်နဲ့ပတ်သက်ပြီး ကလေးတွေကို အသိပညာပေး သင်ကြားတယ်။ အမှိုက်တွေများလာရင် ဘာတွေဖြစ်နိုင်လဲ။ အမှိုက်တွေကြောင့် ဘာတွေဆိုးကျိုးဖြစ်နိုင်လဲ။ ဘယ်လိုပစ်ရမလဲ ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီး စွန့်ပစ်အမှိုက်နှင့်ဆိုင်ရာ ကျောင်းအသိပညာပေးဆိုတဲ့ခေါင်းစဉ်နဲ့ သင်ကြားပေးပါတယ်။ ဇွန်လ ဒုတိယအပတ်လောက်က စပြီးသင်ကြားပါမယ်။ လှိုင်သာယာမြို့နယ်ပြီးရင်တော့ ကျန်တဲ့မြို့နယ်တွေ ဆက်သွားပါမယ်”ဟု ကိုထူးမြတ်အောင်ကပြောသည်။
 
ယင်းအခြေခံပညာ စာသင်ကျောင်းများတွင် အမှိုက်လျှော့ချရေး အစီအစဉ်နှင့် စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေး အစီအစဉ် သင်ကြားရေးအတွက် Clean Yangon စေတနာ့ဝန်ထမ်းများမှ တစ်ပတ်လျှင် တစ်ရက် (သို့) နှစ်ရက် အသိပညာပေး သင်ကြားသွားမည်ဖြစ်ကြောင်း Clean Yangon ထံမှ သိရသည်။ 
 
အမှိုက်လျှော့ချရေး အစီအစဉ်နှင့် စွန့်ပစ်အမှိုက်ဆိုင်ရာ ကျောင်းအသိပညာပေး အစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Clean Yangon တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း Clean Yangon ထံမှ သိရသည်။

J-10