News

POST TYPE

POLITICAL

အမြော်အမြင်နှင့် ဒီမိုကရေစီ အနာဂတ်
22-May-2019
ဒီမိုကရေစီဒေါက်တိုင်နှစ်ခုအတွက် မေးခွန်း

မကြာသေးမီက လစာနှုန်းမြင့်မားစွာပေး၍ ဝန်ကြီးဌာနများတွင် ခန့်အပ်ထားသော နိုင်ငံခြားသားပညာရှင် ၉၀ ခန့်အပ်ထားသည့်ကိစ္စကို လွှတ်တော်တွင်မေးမြန်းသည့်ကိစ္စမှာ ထုံးစံအတိုင်း အမြင်မတူသူများကြား ဂယက်ရိုက်မှု ရှိနေခဲ့သည်။ မေးသူရော ဖြေသူကိုပါ ကျေးဇူးတင်ပါသည်ဟု ဓမ္မဓိဋ္ဌာန်ကျကျ ပြောလိုပါသည်။ ဖြေသူက ပွင့်လင်းစွာဖြေကြား၍ ဒီမိုကရေစီရေချိန်တစ်ခုဖြစ်သော ပွင့်လင်းမြင်သာရှိမှုကို ဖော်ဆောင်ခြင်းဖြစ်သလို၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအပိုင်းကိုပါ မေးခွန်းထုတ်ခြင်းမှာလည်း ဒီမိုကရေစီ၏ဒေါက်တိုင်တစ်ခုကို ထပ်မံဖော်ထုတ်သည်ဟု အပြုသဘောမြင်ပါသည်။ ယခင်အစိုးရလက်ထက်က ယင်းတို့အစိုးရအဖွဲ့ကို ဝါရှင်တန်တွင် စည်းရုံးသိမ်းသွင်း၍ လော်ဘီလုပ်ပေးရန် ပိုဒက်စတာအုပ်စု (Podesta Group) ငှားရမ်းမှုကို ပြန်လည်ထောက်ပြကြသည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီစံနှုန်းအရ အပြုသဘောဆောင်သည်ဟု ဆိုချင်ပါသည်။

တစ်ခုတော့ရှိသည်။ ဒီမိုကရက်တစ် သီအိုရီဆရာကြီး ပါမောက္ခ လယ်ရီဒိုင်းမွန်း (Larry Diamond) က “ပါတီတစ်ခု သောင်ပြိုကမ်းပြို အနိုင်ရခဲ့လျှင် အတိုက်အခံပါတီနေရာတွင် အရပ်ဘက်လူ့အဖွဲ့အစည်းများ နေရာယူရမည်”ဟု ဆိုခဲ့သည်။ အားကောင်းမောင်းသန် ဒီမိုကရေစီဆိုလျှင်တော့ အထက်ပါမေးခွန်းမျိုးမှာ အတိုက်အခံပါတီက မေးသင့်သည်။ အရပ်ဘက် အဖွဲ့အစည်းများက မေးသင့်သည်။ သို့သော် မြန်မာ့အခြေအနေက အစဉ်အလာမပျက် တစ်မျိုး တစ်ဘာသာ အသုံးတော်ခံသည်။ မည်သို့ပင်ဖြစ်စေ ဒီမိုကရေစီဒေါက်တိုင်နှစ်ခုကို မေးခွန်းထုတ်၍ ကျေးဇူးတင်သည်ဟု ဆိုရခြင်းဖြစ်သည်။

ဆည်းပူးထိုက်သည့်ပညာ၊ ရယူထိုက်သည့် အတွေ့အကြုံ

ပညာရှင်ခေါ်သင့်သလား ဆိုသည့်မေးခွန်းအတွက် အဖြေက လွယ်ကူပါသည်။ ခေါ်သင့်သည်ဟု အခိုင်အမာဖြေပါမည်။ ထိုက်တန်မှုရှိရဲ့လားဆိုသည့် မေးခွန်းအတွက် ခက်ပါသည်။ ပညာမှာ တန်ဖိုးဖြတ်ရခက်ပါသည်။ သေချာသည်က တကယ့်တတ်သိပညာရှင်များကို ထိုက်သင့်သည့် အဖိုးအခကို ပေးရမည်ဖြစ်ပါသည်။ သို့သော် တောင်းသည့်သူက သူတို့ကမ္ဘာ့အဆင့် ပညာရှင်ကြေးပင်ဖြင့်လင့်ကစား မြန်မာနိုင်ငံအဖို့ များနေမည်မှာ သေချာပါသည်။ သို့သော် မည်သည့်ပညာမှ အလကားမရသော ကမ္ဘာ့အဆင့်နိုင်ငံများ၏ ပညာရေးစနစ်ကြောင့် ထိုက်တန်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။ များပြားသောမြန်မာငွေကလည်း သူတို့အတွက် များချင်မှ များပေမည်။ ၂၀၀၅ ခုနှစ်က စင်ကာပူအစိုးရသည် မိုက်ကရိုဆော့ဖ်သူဌေးကြီး ဘီဂိတ်၏ ပထမတန်း အတိုင်ပင်ခံတစ်ဦးကို ရက်သတ္တ တစ်ပတ်စာအတွက် အမေရိကန်ဒေါ်လာ ၇ သိန်းဖြင့်ငှားရမ်းခဲ့သည်ဟု ပါမောက္ခဆရာတစ်ဦးက ဆိုခဲ့သည်။ ယင်းမှာ အသက် ၆၀ အရွယ်ဖြစ်သော်လည်း ဆရာအပါအဝင် ထိပ်တန်းပါမောက္ခငါးဦး၏ ပရောဂျက်များကို “လူကလေးတို့ ဒါလေးတွေပြင်လိုက်ပါဦး”ဟုဆိုကာ ခဲတံလေးတစ်ချောင်းဖြင့် ဝိုင်းကာ၊ ခြစ်ကာ သုံးသပ်သွားပုံမှာ ယင်းတို့ပင် အံ့အားသင့်ရကြောင်း ပြောသည်ကို မှတ်သားဖူးသည်။ ရတနာရှိရာ ရတနာစုသည်။ သို့သော် ပညာရှင်ခေါ်တိုင်းလည်း မိမိ ရေမြေနှင့်မကိုက်ညီသောစီမံကိန်းကို ချမိလျှင်လည်း မအောင်မြင်တတ်ကြောင်း ဟိုအတိတ်ဆီမှ မအောင်မြင်ခဲ့သော ပြည်တော်သာစီမံကိန်းကြီးက သက်သေပြနေပေသည်။

တံခါးပိတ်ထားသည့် ပညာအမှောင်ခေတ်

ပညာရှင်မခေါ်ဘဲ ဧကစာကျင့်ခဲ့သည့် ခေတ်ကြီးတစ်ခေတ်လည်း ခါးသီးစွာကြုံခဲ့ရသည်။ ၁၉၅၈ - ၆၀ အိမ်စောင့်အစိုးရခေတ်က အသိပညာရှင်၊ အတတ်ပညာရှင်၊ သိပ္ပံပညာရှင်များနှင့် ပလဲနံပသင့်သလောက် ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပညာရှင်များနှင့် အခြားကဏ္ဍများမှာ နည်းအမျိုးမျိုးနှင့် ကန့်သတ်ခံခဲ့ရသည်။ ပထမအမှားတစ်ခုမှာ ပညာရှင်၊ ပညာတတ်လူတန်းစားကို ပြင်းပြင်းထန်ထန် သံသယထားလာခြင်းဖြစ်သည်။ ဝါရင့်လုပ်ရည်ကိုင်ရည်ရှိသော ခေတ်ပညာတတ်အုပ်ချုပ်ရေးပိုင်းအရာရှိများစွာကို အာဏာသိမ်းပြီး မကြာမီပင် အလုပ်ဖြုတ်ပစ်ခဲ့သည်။ ယင်းတို့သည် တိုင်းတစ်ပါး၌ ကြီးပွားအောင်မြင်စွာ ရပ်တည်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော် မဖွံ့ဖြိုးသော တိုင်းပြည်ငယ်ကလေးအတွက် ပြင်းထန်သောထိုးနှက်ချက်ဖြစ်သည်။ ထို့အပြင် ဖို့ဒ် (Ford) ဖောင်ဒေးရှင်းနှင့် အာရှဖောင်ဒေးရှင်းကို တိုင်းပြည်မှနှင်ထုတ်ခဲ့သည်။ မြန်မာလူငယ်ကျောင်းသားများကို ရာနှင့်ချီ၍ အမေရိကနှင့် အခြားအဆင့်မြင့် တက္ကသိုလ်များသို့ စေလွှတ်ပေးနေသော ဖူးဘရိုက် (Full Bright) နှင့် အခြားပညာတော်သင် အစီအစဉ်များကို ရပ်ဆိုင်းပစ်ခဲ့သည်။ ယနေ့ခေတ် ဝါရှင်တန်၊ ဘိုလော့ဂနာနှင့် နန်ကင်းတို့၌ ကျောင်းဖွင့်ထားသည့် ဂျွန်ဟော့ကင်း (Johns Hopkins) အပြည်ပြည်ဆိုင်ရာ အဆင့်မြင့် လေ့လာသင်ကြားရေးကျောင်းခွဲတစ်ခု မြန်မာပြည်တွင် ရှိခဲ့ပါသည်။ ထိုကျောင်းမှ ဆရာ၊ ဆရာမများကို ချက်ချင်းထွက်ခွာစေခြင်းဖြင့် ကမ္ဘာ့အဆင့်မီ သံတမန် မျိုးဆက်သစ်များ ပေါ်ထွန်းလာရေးမျှော်လင့်ချက်ကို ကုန်ဆုံးစေခဲ့သည်။

နိုင်ငံခြားသားများ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ဗီဇာကို ၂၄ နာရီသာ ခွင့်ပြုပြီးနောက်ပိုင်း ဒေသဆိုင်ရာ၏ ဗဟိုချက်မဖြစ်ခဲ့သည့် ရန်ကုန်တွင် တစ်ထောက်နားရသော နာမည်ကြီးလေကြောင်းလိုင်းများဖြစ်သည့် ပန်အမ် (Pan Am)၊ ဗြိတိသျှလေကြောင်း (BOAC)၊ ပြင်သစ်လေကြောင်း (Air France) တို့မှာ နောက်ပိုင်း ဘန်ကောက်နှင့် စင်ကာပူတို့လောက်သာ အလေးထား ဆင်းသက်ခဲ့ကြတော့သည်။ မြန်မာနိုင်ငံအပေါ် ဝေဖန်ချက်များပါဝင်သည့်၊ မြန်မာတို့ကို မျက်စိဖွင့်ပေးနိုင်သည့် ပြည်ပသတင်းစာများဖြစ်သော Time Newsweek, Asia Week, Reader Digest အစရှိသော စာစောင်တို့မှာ ပိတ်ပင်ခြင်း၊ သိမ်းဆည်းခြင်းပြုလုပ်၍ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ်လိုက်သည်။ ပြည်တွင်းမဂ္ဂဇင်း၊ ဂျာနယ်တို့သည် ငွေမင်ရောင်တဖွေးဖွေးဖြစ်ခဲ့သည်။

ထိုမှစ၍ အရှေ့တောင်အာရှတွင် ပညာရေး၊ ဆက်သွယ်ရေး ထိပ်တန်းဖြစ်ခဲ့သည့် မြန်မာသည် အမှောင်ဖုံးခဲ့ရသည်။ ကမ္ဘာကြည့်ကြည့်နိုင်သည့် ကမ္ဘာ့ပညာရေးနှင့် အဆက်ဖြတ်ပြီးနောက်ပိုင်းတွင် အများအသိမို့ ပြောစရာမလိုတော့ပါ။ ထို့ကြောင့် ပညာရှင် ပို၍လိုပါသေးသည်။

ပွင့်လင်းရာသီ

နောက်ပိုင်း ၂၀၁၁ နောက်ပိုင်း ပွင့်လင်းရာသီ ရောက်လာမှသာ ကမ္ဘာနှင့် ပြန်လည် အဆက်အသွယ်ရတော့ အရာအားလုံး ဆယ်စုနှစ်များစွာ နောက်ကျကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ယင်းကွာဟချက်ကို တံတားထိုး နိုင်ရေးသည် ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး ဖြစ်သည်။ ပညာရေး နှင့် လေ့ကျင့်သင်ကြားရေးသည် နည်းမှန်လမ်းမှန်နှင့် ရင်းနှီးမြှုပ်နှံနိုင်ပါ က ငွေကြေးထက်တန်ဖိုးရှိသော အရင်းအနှီးပင်ဖြစ်သည်။ ယခုအခါ အရှေ့တောင်အာရှမှာပင် စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့က ပညာရေးဈေးကွက်တွင် အပြိုင်အဆိုင်ဖြစ်နေချိန်တွင် တစ်ချိန်က ယင်းတို့၏ထိပ်တွင်ရှိခဲ့သော ရွှေမြန်မာတို့မှာ ပွင့်လင်းရာသီမှာပင် ထိုနိုင်ငံများသို့ သွားရောက်ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်ရနေသည်ကိုပင် ဂုဏ်ယူနေရသည့်ဘဝ ဖြစ်နေရသည်။ ထို့ကြောင့် ပြင်ပပညာရှင်လိုအပ်သည်ဟု အခိုင်အမာဆိုရခြင်းဖြစ်ပါသည်။

ထို့အပြင် ထိုယန္တရားတွင် ပါဝင်မောင်းနှင်ရသူများမှာ တစ်ချိန်က “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်”၊ “လူနှင့် ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား”၊ “ကျွနု်ပ်တို့၏ယုံကြည်ချက်”တို့ကို အလွတ်ကျက်ခဲ့ရသူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် ထိုခေါင်းပေါ်တင်ထားခဲ့ရသည့် သဘောတရားများ၏ ဖြစ်နိုင်ခြေကို ကမ္ဘာ့အဆင့်ပညာရှင်တစ်ဦးက “စွမ်းဆောင်နိုင်စွမ်းမရှိသော ပညာရှင်များ၏ အရာမရောက်သော ကြိုးပမ်းချက်များသာဖြစ်သည်”ဟု ဝေဖန်ခံခဲ့ရသည်။ အာဏာရှင်စနစ်အောက်ဝယ် မည်သည့်ပညာရှင်က စွမ်းဆောင်ရည် ပြသနိုင်မည်နည်း။ လယ်ယာမြေကိုအခြေခံ၍ တစ်နှစ်ထက်တစ်နှစ် စီးပွားရေးတိုးလာစေရန် ဗဟိုချုပ်ကိုင်သော စီမံကိန်းစီးပွားရေးစနစ်ကိုသာ ကျားကန်ပေးခဲ့ရသည်။ နောက်ပိုင်းတွင်လည်း ငရုတ်ကောင်း၊ သစ်ဆိမ့်၊ ကြက်ဆူ အစရှိသည့် စီမံချက်များကိုလည်း အောင်မြင်မည် မအောင်မြင်မည်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မနားမနေ အကောင်အထည် ဖော်ခဲ့ကြရပါသေးသည်။

ပြည်ထောင်စုစနစ် (Federal System) ကိုလည်း ပြည်ထောင်စုမှ ခွဲထွက်ရေးသဖွယ် အသိမှားစေသကဲ့သို့ ထိုအယူအဆနှင့်ဆက်နွှယ်၍ အတောမသတ်နိုင်သော ပြည်တွင်းစစ်ပွဲများလည်း တိုင်းရင်းသားညီအစ်ကိုများကြား ဆင်နွှဲခဲ့ကြပြီးဖြစ်ပေသည်။ ယင်းမှာ နောက်ကြောင်းကို တမင်ပြန်လည်တူးဆွနေခြင်းမဟုတ်ပါ။ ပလေတို ပြောသကဲ့သို့ “ပညာရှိများ နိုင်ငံတော်အာဏာ မရမချင်း၊ အာဏာရရှိထားသူများ ပညာမမြတ်နိုးမချင်း လူတို့ဒုက္ခမငြိမ်းနိုင်”ဆိုသည့်စကားအတိုင်း ပညာ၏အရေးပါပုံကို တင်ပြနေခြင်းဖြစ်ပါသည်။

ခုတော့လည်း ဒါတွေပြီးခဲ့ပါပြီ

ပြီးခဲ့တာလည်းပြီးခဲ့ပြီ။ ကျွနု်ပ်တို့အတွက် လုံလောက်ခဲ့ပါပြီ။ အနာဂတ်မျိုးဆက်သစ်ကို လွဲမှားသော ကျဉ်းမြောင်းသော အသိပညာ၊ အတတ်ပညာများကို အမွေဆက်ခံစေလိုခြင်းမရှိသော စေတနာဗလဝကြောင့် နိုင်ငံခြားပညာရှင်များ လိုအပ်သည်ဟု ဆိုရခြင်းဖြစ်ပါသည်။ သို့သော် နိုင်ငံခြားပညာရှင်များကို အထင်ကြီးလွန်း၍ မဟုတ်ပါ။ ယင်းတို့မှာလည်း သူတို့အကျိုးစီးပွားနှင့် သူတို့ဖြစ်သည်။ နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်ပြောသကဲ့သို့ အမေရိကန်ဒေါ်လာ ၅ သန်းတန် ဆင်းရဲမွဲတေမှုလျှော့ချရေး စီမံချက်တစ်ခုကို ဟိုတယ်ခ၊ လေယာဉ်စရိတ်၊ အစည်းအဝေးစရိတ်၊ ပညာရှင်ကြေးနုတ်လိုက်လျှင် တစ်ဝက်လောက်ကုန်သည့်အဖြစ်နှင့် အလားတူ အကျိုးစီးပွားသမားတွေလည်း ရှိနိုင်သလို မှန်ကန်ဖြောင့်မတ်သည့် ပညာရှင်များလည်း ရှိနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ယူသည့်ဘက်က တန်အောင်ယူတတ်ဖို့လိုသည်။ သူတို့ မည်မျှလောက်တတ်သည်ဖြစ်စေ မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ပြည်တွင်းကလူများလောက် မသိနိုင်ပါ။ ပကတိအခြေအနေမှန်နှင့် ယင်းတို့၏ပညာ ပေါင်းစပ်အဖြေရှာကြဖို့ လိုအပ်ပါသည်။

လိုအပ်နေသော ထိန်းကျောင်းမှုနှင့် အကဲဖြတ်သုံးသပ်မှု

မည်မျှပင် ထူးချွန်ထက်မြက်သည့် နိုင်ငံရေးသုခမိန်ပင်ဖြစ်လင့်ကစား ပုထုဇဉ်ဖြစ်၍ အမှားနှင့်ကင်းမည်မဟုတ်ပါ။ သို့သော် မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုတွင်လည်း မည်သည့်အစိုးရမှ မိမိမူဝါဒအမှားကို ဝန်ခံခဲ့ဖူးသည့်အစဉ်အလာမရှိခဲ့။ အမှန်တကယ်တွင် ရည်မှန်းချက် ထိရောက်မှုရှိမရှိကို အကဲဖြတ်သုံးသပ်သည့် အထောက်အထား ရှာဖွေသင့်သည်။ မြန်မာနိုင်ငံအနေနှင့် ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ အကဲဖြတ်သုံးသပ်မှုများကို ပံ့ပိုးရန် အရည်အသွေးပြည့်ဝမှုမရှိခဲ့ကြဟု မူဝါဒရေးရာသုံးသပ်သူအချို့က ဆိုသည်။

နိုင်ငံရေးအဆက်အစပ် (Political Context) ၏ ပြောင်းလဲမှုကိုဖမ်းဆုပ်နိုင်ပြီး ပေါ်ပေါက်လာမည့် ပြည်သူတို့၏လိုလားချက်၊ လိုအပ်ချက်များကိုမြော်မြင်၍ ခံယူချက်ပြောင်းလဲခြင်း၊ အရည်အသွေးမြှင့်တင်ခြင်း၊ တီထွင်ဖန်တီးခြင်း၊ ပြည်သူ့ကြားတွင် ပြည်သူ့လိုလားချက်ကိုလေ့လာ၍ ပိုမိုကောင်းမွန်သောဝန်ဆောင်မှုပေးခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် သတင်းအချက်အလက်ရယူခြင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း၊ အခွန်ထမ်းပြည်သူများ၏ငွေကြေးကို အလေအလွင့်မရှိအောင် ထိန်းသိမ်း၍ ပြည်သူများအား မိမိတတ်စွမ်းသရွေ့ ကောင်းမွန်သောဝန်ဆောင်မှုပေးခြင်းနှင့် ပြဿနာများကို မျှတစွာ အဖြေရှာပေးခြင်းအပါအဝင် အထက်ပါလုပ်ငန်းစဉ်များကို စောင့်ကြည့်အကဲဖြတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယင်းအတွက် တစ်စုံတစ်ရာသော ငွေ၊ အချိန် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာ အထောက်အကူ လိုအပ်ပါသည်။

ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တစ်ပြိုင်နက် လုပ်ကိုင်ရသည်ဖြစ်ရာ လက်ရှိအခြေအနေအရ ပြည်ပပညာရှင် အကူအညီ မပါလျှင်၊ နိုင်ငံခြားငွေကြေး အကူအညီမပါလျှင် အခက်အခဲဖြစ်မည်မှာ သေချာပါသည်။

ပြုပြင်ပြောင်းလဲရာတွင်လည်း အစိုးရ၊ တပ်မတော်၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အကျိုးရှင်များ (Stake Holders)၊ သတင်းအချက်အလက် ဝန်ဆောင်မှုပေးသော အစိုးရနှင့် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများ၊ လက်တွေ့လုပ်ငန်းကျွမ်းကျင်ပညာရှင်များ (Practitioners)၊ စေတနာ့ ဝန်ထမ်းများ စသည့် ပြည်သူကို တစ်နည်းမဟုတ် တစ်နည်းဖြင့် အကျိုးပြုနေသော အင်စတီကျူးရှင်းအားလုံး၊ လူပုဂ္ဂိုလ်အားလုံးနှင့် အစိုးရအင် စတီကျူးရှင်းများအားလုံး ပါဝင်မှသာ ပြုပြင်ပြောင်းလဲရေးအိုင်ဒီယာကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။

ပညာနှင့် ယှဉ်သောအမြော်အမြင်

“Democracy cannot succeed unless those who express their choice are prepared to choose wisely, the real safeguard of democra cy, therefore, is education”
(Franklin de Roosevelt)

“အမြော်အမြင်ရှိရှိ ရွေးချယ်ဖို့ ရွေးချယ်မှုကို ကြိုတင်ပြင်ဆင်ထားတဲ့သူတွေမရှိရင် ဒီမိုကရေစီ မအောင်မြင်နိုင်ဘူး၊ ဒါကြောင့် ဒီမိုကရေစီကို တကယ် ကာကွယ်ချင်တယ်ဆိုရင် အဲဒါဟာပညာရေးပဲ”
(ဖရင်ကလင်ဒီရုစဗဲ့)

တစ်ချိန်က မည်သည့်နိုင်ငံခြားသားကိုမျှ မယုံရဟူသောအစွဲဖြင့် ကျဉ်းမြောင်းသည့်အမျိုးသားစိတ်ဓာတ်ကို တည်ဆောက်ခဲ့ကြသည်။ “ပြည်ပအားကို ပုဆိန်ရိုး”ဟူ၍လည်းကောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဟူသော အမြင်များဖြင့်လည်းကောင်း၊ ပြည်တွင်း မြန်မာနှင့် ပြည်ပ မြန်မာကို ခွဲခြားနေချိန်မှာပင် တရုတ်ပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ကျန်ဇီမင်း (Jiang Zemin) က 

“အမေရိကန်တွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် တရုတ်အမျိုးသားများ၏ ဦးနှောက်များကို အမေရိကန်တွင် ခေတ္တသိမ်းဆည်းထားသော ဦးနှောက်များဟု မှတ်ရမည်”ဟု ဆိုခဲ့သေးသည်။ နောက်ပိုင်းတွင် တရုတ်စီးပွားရေးဈေးကွက် စ၍ဖွင့်ချိန်၌ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် ပြည်တွင်း ပြည်ပ တရုတ်အမျိုးသားအားလုံး ရင်းနှီးမြှုပ်နှံခွင့်ရ နည်းပညာလည်း ရကြပေသည်။ ကျွနု်ပ်တို့သည် အဲကွန်း (AirCon) ကို ဇိမ်ခံပစ္စည်းဟုသတ်မှတ်ကာ ဘတ်ဂျက်ဖြတ်တောက်နေချိန်တွင် စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယူးက အဲကွန်းကြောင့် စင်ကာပူသားတို့ အလုပ်ကို သက်သောင့်သက်သာ လုပ်နိုင်သည်ဟု သဘောပေါက်ကာ “အဲကွန်းတီထွင်တာဟာ ကြီးကျယ်တဲ့ တီထွင်မှုကြီးပဲ”ဟု ချီးကျူးခဲ့သည်။ ကျွနု်ပ်တို့လို အမြော်အမြင်နည်းသူများက ဇိမ်ခံပစ္စည်း (Luxury) ဟု ထင်နေချိန်မှာ အီကွေတာရာသီဥတု နိုင်ငံလေးတွင် ဝန်ထမ်းများ အင်ပြည့်အားပြည့် ဆောင်ရွက်နိုင်အောင် ကူညီသည့် မရှိမဖြစ် (Essentials) ဟု သတ်မှတ်ခဲ့သည်။ ပညာအမြော်အမြင်ချင်းမတူတော့ အတွေးအခေါ် ကျယ်ပြန့်တာချင်းလည်းမတူ။ ထိုကျယ်ပြန့်စွာ တွေးခေါ်နိုင်သည့် နိုင်ငံရေးသုခမိန်များသာ နိုင်ငံတော်ကို ကောင်းမွန်သည့် အနာဂတ်ဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။

မိမိကလည်းမေးပါ၊ မေးမြန်းမှုကိုလည်းခံယူပါ

ဒီမိုကရေစီတွင် အများပြည်သူအကျိုးငှာ မေးသင့်သည့်မေးခွန်းများကို မေးရမည်ဖြစ်သည်။ တပ်မတော် အပါအဝင် မည်သည့်အင်စတီကျူးရှင်းမဆို ဒီမိုကရေစီကို အပြန်အလှန် တည်ဆောက်ရိုးမှန်လျှင် အပြန်အလှန် အမေးအဖြေရှိသင့်သည်။ သို့သော် ဖြေဆိုရန်မသင့်သောမေးခွန်းများ ရှိနိုင်ပါသည်။ ကေအင်ဒီအိုလက်နက်ကိုင်များ ဝိုင်းဝန်းတိုက်ခိုက်၍ ရန်ကုန်အစိုးရဟု ပြည်ပ သတင်းမီဒီယာတို့က နာမည်ပေးနေချိန်တွင် ဘုတလင်အမတ် ဦးသိန်းဖေက တပ်မတော်ကိုယ်စားပြု တက်ရောက်လာသည့် ဗိုလ်စိန်မှန်ကို စစ်အသုံးစရိတ်အကြောင်း မေးခွန်ထုတ်သည်ဟု ကြားဖူးပါသည်။ မမေးသင့်သည့်အချိန်ဟု ယူဆနိုင်သော်လည်း မေးသင့်သည့်ဝတ္တရားရှိ၍ မေးသည်ဟုထင်ပါသည်။ တပ်မတော်ကိုယ်စားလှယ်များအားလည်း လွှတ်တော်မှထွက်ခွာမည့် (တစ်ဆင့်ချင်း) လမ်းပြမြေပုံ၊ ဖွဲ့စည်းပုံပြင်ဆင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ဖော်ကိုင်ဖက်ကဲ့သို့ အပြုသဘောချဉ်းကပ်မှုဖြင့် မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် တပ်မတော်သည် ဒီမိုကရေစီအရွေ့တွင် အရေးပါသည့် အင်စတီကျူးရှင်းဖြစ်ကြောင်း တပ်မတော်ကိုယ်စားလှယ်များက လက်ခံထားသလို့ နိုင်ငံရေးလေ့လာသူများကလည်း ယုံကြည်ထားပါသည်။ တိုင်းပြည်အတွက် အလုပ်လုပ်နေသူချင်း မသင့်မြတ်စရာမရှိဟုပင် မြင်ပါသည်။ အမေးအဖြေတို့မှာ နိုင်ငံတော်အတွက်၊ ပြည်သူအတွက် ပိုကောင်းသည့် ဒီမိုကရေစီအင်စတီကျူးရှင်းကို မျှော်မှန်း၍ ဆောင်ရွက်ခြင်း ဖြစ်စေလိုပါသည်။

အချို့ကိစ္စများသည် ကျွနု်ပ်တို့သိမှုနယ်ပယ် ကျော်လွန်သည့် (Beyond Knowledge) အရာများ ရှိနေတတ်ပါသည်။ သို့ပါ၍ ဉာဏ်မီသမျှ ရေးသားတင်ပြခြင်းဖြစ်ပါသည်။ မေးထိုက်သည့် မေးခွန်းဖြစ်လျှင် မည်သည့်အဖွဲ့အစည်းမဆို ပြည်သူ့အတွက် ပြန်လည်ဖြေကြားသင့်ပေသည်။ ကျွနု်ပ်တို့သည် အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ဖြင့် ဒီမိုကရက်တစ် ဖက်ဒရယ်နိုင်ငံတော်သစ် တည်ဆောက်နေသည့်အခြေအနေကို ယုံကြည်သည့်အားလျော်စွာ အဓိကအရေးကြီးသည့် “တပ်ဘက် အရပ်ဘက် ဆက်ဆံရေး”ကောင်းမွန်မှုမှာ အရေးပါကြောင်းကိုလည်း အသိအမှတ်ပြုပြီးဖြစ်ပါသည်။

ဇိနတ္ထပကာသနီကျမ်းမှ ဥပါလိသူကြွယ်က ဒီဃတပဿီကိုပေးသည့် ဗုဒ္ဓတရားတော်ကို ဥပမာပေးသကဲ့သို့ အစစ်အမှန်မဟုတ်သော အရာသည် ပွဲဈေးမှဝယ်ယူသော စက္ကူရုပ်ကဲ့သို့ ဆေးဆိုး၊ ဆေးခြယ်မှုကိုသာ ခံနိုင်ရည်ရှိ၍ ဆပ်ပြာနှင့်လျှော်ဖွပ်လျှင် ပျက်စီးသွားနိုင်ပေသည်။ သို့သော် စစ်မှန်သောအရာသည် ပိတ်ဖြူတစ်စကဲ့သို့ လျှော်ဖွပ်လေ ဖြူလေလေပင်ဖြစ်သည်။ အစိုးရအင်စတီကျူးရှင်းများအားလုံး မေးမြန်းလေလေ အဖြူရောင်အစစ်အမှန်ဖြစ်လေလေဖြစ်ရန် ဆန္ဒပြုပါသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၏ အနှစ်သာရတွင် “ကျွနု်ပ်တို့သည် ပြည်သူ့ဘဏ္ဍာများကို ပြည်သူ့အကျိုးငှာ အရည်အချင်း ပြည့်ဝသည့်ဘဏ္ဍာစိုးသဖွယ် ကောင်းမွန်စွာ အသုံးပြုကြပါမည်”ဟူသော ပဋိညာဉ်သဘောမျိုး ရှိပါသည်။ ချစ်သည် မုန်းသည်မဟူ ပညာဖြင့် အပြန်အလှန်ထိန်းကျောင်း၍ နိုင်ငံတော်တည်ဆောက်ရာသည်။ တာဝန်ခံမှု တာဝန်ယူမှုကတော့ မူဝါဒ ဗဟိုချက်မှ ဆုံးဖြတ်ချက်ချသူနှင့် ဆုံးဖြတ်ချက်ချခြင်းနှင့်ပတ်သက်သည့် အစိတ်အပိုင်းများနှင့်သာ အများဆုံးပတ်သက်သည်ဟု ယူဆပါသည်။

ထင်အောင်အောင်

စာကိုး - အမေ့ခံအတိတ် (သန့်မြင့်ဦး)၊ အပြောင်းအလဲ စီမံခန့်ခွဲမှု