News

POST TYPE

POLITICAL

နယ်စပ်ရှိ လက်နက်ကိုင်အားလုံး ငြိမ်းချမ်းရေးတွင် ပါလာရန် ထောက်ခံဟု တရုတ်ပြော
29-Jul-2016
မိုင်ဂျာယန်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက် တည်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာရန် ထောက်ခံအားပေးကြောင်း တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ဂိုရှန်က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ ကျင်းပသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး လေးရက်မြောက်နေ့သို့ တက်ရောက်လာသည့် တရုတ်ကိုယ်စားလှယ်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ နေပြည်တော်မှာ ပြန်တွေ့ကြမယ်” ဟု တရုတ်ကိုယ်စားလှယ်က အစည်းအဝေး နှုတ်ဆက်မိန့်ခွန်းတွင် ပြောဆိုသွားသည်။

တရုတ်-မြန်မာ နယ်စပ်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့ အများအပြား တည်ရှိနေသည်။

ဖုန်ကြားရှင်၏ ကိုးကန့်အဖွဲ့ မိုင်းလားအဖွဲ့နှင့် ရှမ်း၊ပလောင် လက်နက်ကိုင် အဖွဲ့အချို့လည်း တရုတ်-မြန်မာ နယ်စပ်မျဉ်းတလျှောက် အခြေစိုက်စခန်းများ ဖွင့်လှစ်ထားသည်။

နေပြည်တော်တွင် သြဂုတ်လကုန်ပိုင်း၌ ကျင်းပရန် စီစဉ်နေသော ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်တက်ရောက်နိုင်ရန် မိုင်ဂျာယန် အစည်းအဝေး၌ ဆွေးနွေးလျက်ရှိသည်။