News

POST TYPE

POLITICAL

အရွယ်သုံးပါးစလုံး ပညာရှာမှီးရမှာပါ (Daily, Vol-7/No-26)
11-May-2019
လူတစ်ယောက်မှာ ပထမအရွယ်၊ ဒုတိယအရွယ်နဲ့ တတိယအရွယ်လို့ အသက် အရွယ်အပိုင်းအခြားနဲ့ ဘယ်အရွယ်မှာ ဘာလုပ်သင့်တယ်ဆိုတာကို ရှေးယခင်က ပြောဆိုဆုံးမတာမျိုးတွေကို စာဖတ်သူတွေ နားရည်ဝအောင် ကြားခဲ့ဖူးမှာပါ။ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ စီးပွားရှာ၊ တတိယအရွယ်မှာ တရားရှာဆိုပြီး ဆုံးမခဲ့တာမျိုးပါ။

သည်ဘက်ခေတ်မှာတော့ အကြောင်း အမျိုးမျိုးကြောင့် ပထမအရွယ်ကတည်းက ပညာနဲ့ ပိုက်ဆံရှာနေရတဲ့သူတွေ ရှိလာသလို ဒုတိယအရွယ်မှာ စီးပွားရော၊ ဘာသာတရားတွေရဲ့ အဆုံးအမအတိုင်း နေထိုင်တတ်ဖို့ ကြိုးစားကြတာမျိုးတွေ ရှိလာပါတယ်။ လူငယ်၊ လူလတ်ပိုင်း အတော်များများဆိုရင် ကျန်းမာတုန်း၊ သန်စွမ်းတုန်း၊ မှတ်ဉာဏ်ထက်မြက်နေတုန်း တရားအားထုတ်မှ လေးနက်တဲ့ အကြောင်းအရာတွေကို သိနိုင်မယ်ဆိုတဲ့ အချက်ကိုတောင် သဘောပေါက်ပြီး အဲဒီအရွယ်တွေမှာပဲ အချိန်ရရင်ရသလို အားထုတ်လာကြတာကို တွေ့ရပါတယ်။

သည်ကနေ့မှာ စဉ်ဆက်မပြတ် လေ့လာသင့်ယူရမယ်ဆိုတဲ့ အယူအဆကို လူအတော်များများက လက်ခံလာကြတဲ့အတွက် တချို့ဘာသာရပ်ဆိုင်ရာ၊ ပညာရပ်ဆိုင်ရာ သင်ကြားပို့ချနေတဲ့ စာသင်ခန်းတွေ၊ ဆီမီနာတွေနဲ့ ဖိုရမ်တွေမှာ တတိယအရွယ်တွေလည်း ပထမနဲ့ ဒုတိယအရွယ်တွေနဲ့အတူ လေ့လာသင်ယူနေကြတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ 

အရွယ်အရ အသက်ကြီးသူက ဆရာဖြစ်ပြီး ငယ်သူက တပည့်ဖြစ်ရမယ်ဆိုတဲ့ သဘောဟာ ဟိုရှေးကာလက မှန်ကောင်း မှန်ခဲ့ပါလိမ့်မယ်။ အခုအခါမှာတော့ အသက် ၄၀ ကျော်တွေလည်း ကိုယ်မဆည်းပူးမလေ့လာဖူးခဲ့တဲ့ ဘာသာစကား ဒါမှမဟုတ် ပညာရပ်တစ်ခုကို တတ်မြောက်ချင်ရင် အသက် ၂၀ ကျော်တွေ သင်ပြနေတဲ့ အခန်းထဲမှာ တပည့်ဝင်လုပ်ကြရတာပါပဲ။

အသက်အရွယ်ကြီးလို့ ငယ်တဲ့သူတစ်ယောက်က ဆရာလုပ်ပြီး သင်ပေးတာကို ရှက်နေမယ်၊ မကျေမနပ် ဖြစ်နေမယ်ဆိုရင် သူ့အနေနဲ့ တတ်မြောက်ချင်တဲ့ ပညာရပ် တစ်ခုခုကို သိခွင့်၊ တတ်ခွင့် လက်လွှတ်ဆုံးရှုံးလိုက်ရရုံပဲ ရှိမှာပါ။ မြန်မာစကားတွေထဲမှာပဲ “ပညာလို အိုသည်မရှိ”ဆိုတဲ့စကားဟာ အဲဒီလို ဒုတိယနဲ့ တတိယအရွယ်မှာ ပညာသင်ယူ တတ်မြောက်လိုတဲ့သူတွေကို အားပေးအားမြှောက်ပြုတဲ့ အဆုံးအမလို့ပဲ ထင်မြင်မိပါတယ်။

မြန်မာတွေ အတော်များများဟာ အသက် ၄၀ မှာ ဘဝစတယ်ဆိုတဲ့ အယူအဆကို လက်ခံကြပေမယ့် ၄၀ ကျော်လာရင် ဘာသာရပ်တစ်ခုခုဖြစ်စေ၊ အတတ်ပညာ တစ်ခုခုဖြစ်စေ၊ ဘာသာစကားတစ်ခုခုဖြစ်စေ လေ့လာဖို့ ဝန်လေးလာတတ်ကြပါတယ်။ တချို့တွေကလည်း မိသားစု စားဝတ်နေရေးကြောင့်၊ စီးပွားရေးကိစ္စကြောင့်လို့ ဆင်ခြေပေးတတ်ကြပြီး တချို့ကတော့ လူငယ်တွေ (သူတို့အမြင်ကလေးတွေ)နဲ့ တစ်တန်းတည်း သင်ယူကြရမယ့်ကိစ္စကို ရှက်စရာလို့ တွေးနေတတ်ကြပါတယ်။

တကယ်တော့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု ဖွွံ့ဖြိုးတိုးတက်တယ်ဆိုတာ လူငယ်တွေချည်း ပညာကောင်းကောင်းသင်ခွင့် ရနေတာမျိုးတစ်ခုတည်းကို ဆိုလိုတာမဟုတ်ဘဲ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေလည်း လေ့လာသင့် လေ့လာအပ်၊ သင်ယူသင့် သင်ယူထိုက်တဲ့ ပညာရပ်တွေ၊ ဘာသာရပ်တွေကို သင်ယူနေတာမျိုးကိုပါ ဆိုလိုခြင်းဖြစ်ပါတယ်။

အယ်ဒီတာ (၁၁-၅-၂၀၁၉)