News

POST TYPE

POLITICAL

ရှမ်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာ
11-May-2019
ရန်ကုန်၊ မေ ၁၁

တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်  (RCSS/SSA) တို့ နှစ်ဖက်အပစ်ရပ်စဲကြောင်း ပူးတွဲကြေညာချက်ကို မေလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်တွင် သံဃာတော်များ၊ ဒေသခံများနှင့် လူမှုအဖွဲ့အစည်းများ တောင်းဆိုချက်များကြောင့် နှစ်ဖက်တပ်များ အောက်ခြေအဆင့်ထိ အပစ်အခတ်ရပ်ကြရန် ညွှန်ကြားထားပြီး နှစ်ဖက်တပ်များအနေဖြင့်လည်း တစ်ဖက်နှင့်တစ်ဖက် မီဒီယာများမှ ပြစ်တင်ဝေဖန်မှုများ မပြုလုပ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူလူထု၊ လူမှုအဖွဲ့အစည်းများနှင့် နှစ်ဖက်တပ်များက ပူးပေါင်းပါဝင်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုက “တပ်နေရာချထားရေးတွေ ဆက်ဆွေးနွေးရဦးမှာပါ။ ခုတပ်တွေက နယ်မြေတွေထဲမှာ ရောထွေးနေတယ်။ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် အောက်ခြေထိ နှစ်ဖက် အပစ်ရပ်ဖို့ ညွှန်ကြားထားတာပါ”ဟုဆိုသည်။

ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့သည် နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် အလွတ်သဘော ငါးကြိမ်ခန့် ဆွေးနွေးခဲ့သည်။

MHS