News

POST TYPE

POLITICAL

မကွေးမြို့နယ်တွင် GAP စနစ်ဖြင့် နှမ်းဧကပေါင်း ၁၃,၅၀၀ စိုက်ပျိုးရန်လျာထား
06-May-2019
မကွေး၊ မေ ၆

မကွေးမြို့နယ်တွင် ကောင်းမွန်သော နည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော သီးနှံ GAP နည်းစနစ်ဖြင့် ယခုနှစ်တွင် ကျေးရွာ ၅၀ ကျော်၌ မိုးရာသီနှမ်းဧက ၁၃,၅၀၀ အထိ တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း မကွေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရှိရသည်။

ယမန်နှစ်က GAP စနစ်ဖြင့် ကျေးရွာ ၄၈ရွာတွင် ဧက ငါးထောင်ကျော် စိုက်ပျိုးခဲ့သည်။ ယခုနှစ် မိုးရာသီတွင် သစ်ရာကောက်၊ အလယ်ဘို၊ မြင်းစိုင်းစသည့် ကျေးရွာများပါ ထပ်တိုးစိုက်ရန်လျာထားခြင်းဖြစ်ပြီး ပုံမှန် မိရိုးဖလာနှမ်းစိုက် ဧကမှာ ၁၃၀,ဝ၀၀ ကျော်ရကြောင်း ယင်းဌာနဦးစီးအရာရှိ ဦးခိုင်မင်းက ပြောကြားသည်။

GAP စနစ်ဖြင့် သီးနှံစိုက်ပျိုးရာတွင် ဓာတုဆေးနှင့် ဓာတ်သတ္တုပါဝင်မှု ကင်းစင်အောင် စိုက်ပျိုးကြပြီး၊ အချိန်တိကျစွာ ပိုးသတ်ဆေး အသုံးပြုရန်နှင့် သဘာဝ မြေဩဇာကို အချိုးကျအသုံးပြုရန် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များနှင့် အခြားစိုက်ပျိုးရေးပညာရှင်များ ပူးပေါင်းကာ စံနှုန်းများ သတ်မှတ်ပေးထားသည်။

မကွေးတိုင်းအတွင်း Good Agricultural Production - GAP (ကောင်းမွန်သော နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သောသီးနှံ) စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် နှမ်းစိုက်တောင်သူ ၆၀၀ ကို အထောက်အထား လက်မှတ်များ ထုတ်ပေးခဲ့ကြောင်း တိုင်းစိုက်ပျိုးရေး ဦးစီးမှူး ဦးခင်မောင်ဝင်းက ပြောကြားသည်။

“GAP နည်းနဲ့စိုက်တဲ့ တောင်သူနဲ့ မစိုက်တဲ့ တောင်သူတွေဟာ ရေရှည်မှာ အများကြီး သိသာလာပြီး အင်မတန် ကွာခြားလာလိမ့်မယ်။ တောင်သူတွေကို ပညာပေးမှုတွေ လုပ်နေပြီး တိုင်းအတွင်း စိုက်ပျိုးမယ့်သီးနှံတွေကိုလည်း GAP စနစ်နဲ့စိုက်ဖို့ လုပ်နေတယ်”ဟု ၎င်းကပြောကြားသည်။

သာမန်စိုက်ပျိုးထုတ်လုပ်သည့် နှမ်းတစ်တင်းထက် GAP နည်းဖြင့် စိုက်ပျိုးသည့်နှမ်းများမှာ တစ်တင်းလျှင် ကျပ် ၄၀၀၀ ကျော် ဈေးပိုရကြောင်း မကွေးတိုင်း နှမ်းစိုက်တောင်သူများအသင်းထံမှ သိရသည်။

၂၀၁၇ ခုနှစ်က မကွေး၊ မင်းဘူး၊ မင်းလှနှင့် နတ်မောက်မြို့နယ်များရှိ ရွာပေါင်း ၅၀ တွင် GAP နည်းစနစ်ဖြင့် စိုက်ပျိုးခဲ့သည့် နှမ်းဧက သုံးထောင်ကျော်မှ နှမ်းတန်ချိန် ၇၀ ကျော်ကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၁၈ ခုနှစ်ကလည်း ၈၈ တန် ပြည်ပသို့ ရောင်းချနိုင်ခဲ့ကြောင်း NAG( Network Acivities Group) ပေါင်းစုလုပ်အား အကူအညီပေးရေးအဖွဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ဦးဇော်ဌေးဦးက ပြောသည်။

မကွေးမြို့နယ်အတွင်းရှိ တောင်သူများ နှမ်းမျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရန်အတွက် ယခုနှစ် ဧပြီ ၂၃ ရက်က မကွေးမြို့နယ်ရှိ ကျေးရွာ ၇ ရွာမှ တောင်သူပေါင်း ၃၈ ဦး၏ စိုက်ဧက ၁၅၀ ကျော်အတွက် စမုံနက်နှမ်းမျိုး ၂၉ တင်းခန့်ကို တိုင်းစိုက်ပျိုးရေးဦးစီးဌာနက ပံ့ပိုးကူညီပေးခဲ့သည်။

R-23