News

POST TYPE

POLITICAL

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်ပေါင်း၍ မူးယစ်တိုက်ဖျက်မည့်ကိစ္စ သမ္မတထံမှ အတည်ပြုချက်ယူမည်
05-May-2019
မော်လမြိုင်၊ မေ ၅

မွန်ပြည်နယ်အတွင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတထံမှ အတည်ပြုချက် ယူရမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောကြားသည်။

NCA လက်မှတ်ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရတို့အကြား မူးယစ်တိုက်ဖျက်ရေး နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး နေထွဋ်ဦးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမရက် (မေ ၂) တွင် ချောင်းဆုံမြို့နယ်မဲဆန္ဒ နယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ကြယ်ပွင့်ပြမေးခွန်းအနေနှင့် မေးမြန်းခဲ့ခြင်းကို ဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ဒီကိစ္စက လုံခြုံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ သက်ဆိုင်နေတဲ့အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နောက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနကို တင်ပြအတည်ပြုချက်ရယူပြီးမှ ပြန်လည် ဖြေကြားနိုင်မှာဖြစ်ပါတယ်”ဟု လွှတ်တော်တွင် ဖြေကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ပြည်နယ်အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်ရန် NCA စာချုပ်ပါ အခန်း (၆) အပိုဒ် (၂၅) အပိုဒ်ခွဲ (က) အပိုဒ်ခွဲ (၆) အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို နှစ်ဖက်ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ရန် ပါရှိသည့်အတွက် ယခုကဲ့သို့ မေးမြန်းရခြင်းဖြစ်ကြောင်း မေးခွန်းရှင်ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

“NCA စာချုပ်အရဆိုရင် နှစ်ဖက်ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတယ်၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ ဘယ်လိုညှိနှိုင်းမလဲ အဲဒီအဖြေကိုလိုချင်တာ။ လူထုကလည်း အဲဒါကိုစိတ်ဝင်စားနေတယ်”ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သော မတ်လအတွင်းက မွန်ပြည်သစ်ပါတီမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်နှင့်ပတ်သက်၍ နယ်ကျော် ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်စာ ပေးပို့ခဲ့သည့်အတွက် ဝေဖန်မှုများစွာ ရှိနေခဲ့သည်။

“NCA စာချုပ်မှာ မူးယစ်ဆေးဝါးကိစ္စက ဘယ်လိုလဲဆိုတာ မပြောတတ်ဘူး။ ဒါပေမဲ့ အစိုးရက ဘယ်လိုပြောထားလဲဆိုတော့ ဒီကိစ္စကိုညှိနှိုင်းပြီး ကိုင်တွယ်သွားဖို့လေ၊ ဒါကခိုးပြီးလုပ်တဲ့ကိစ္စတွေ၊ သတင်းရတဲ့အချိန်မှာ မီအောင်လုပ်ဖို့လိုတယ်၊ ဒါကိုညှိနှိုင်းနေမယ် ကြာနေမယ်ဆိုရင် လွတ်သွားလိမ့်မယ်၊ ပြစ်မှုကျူးလွန်တဲ့သူကို လွှဲပေးဖို့ဆိုတာ လွယ်လွယ်ပါ”ဟု မွန်ပြည်သစ်ပါတီမှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာက ပြောကြားသည်။

မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်များသည် လက်နက်များကိုင်ဆောင်လျက် မတ်လအတွင်းက မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင် ကျေးရွာချင်းဆက်လမ်း၌ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ဖူးသည်။

R-21