News

POST TYPE

POLITICAL

မွန်ပြည်နယ်အစိုးရအဖွဲ့၌ လစ်လပ်နေသည့် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးနေရာ အရပ်သားတစ်ဦးအမည် တင်သွင်း
04-May-2019
မော်လမြိုင်၊ မေ ၄

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီးနေရာအတွက် အရပ်သားတစ်ဦးဖြစ်သည့် ဦးလှထွန်းကိုခန့်ထားနိုင်ရန် မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ (မေလ ၃) ရက်နေ့တွင် အမည်စာရင်း တင်သွင်းခဲ့သည်။

အသက် (၆၁) နှစ်အရွယ်ရှိသူ ဦးလှထွန်းသည် ရန်ကုန်ဇာတိဖြစ်ပြီး စက်မှုတက္ကသိုလ် (ရန်ကုန်) မှ B.E (လျှပ်စစ်စွမ်းအား)ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်သည်။ ၎င်းသည် လောပိတ ရေအားစက်ရုံတွင် ၁၉၉၁ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အထိ လျှပ်စစ်ဌာန ၁၄ ခုတွင်လုပ်ကိုင်ခဲ့သူဖြစ်ကာ ပဲခူးတိုင်း လျှပ်စစ်အင်ဂျင်နီယာဌာနတွင် ဒုတိယအင်ဂျင်နီယာချုပ်အဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးအဖြစ် ယခင်က ဦးမင်းထင်အောင်ဟန် (မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်) တာဝန်ယူခဲ့ကာ ၂၀၁၈ ခုနှစ်တွင် ၎င်း၏သဘောဆန္ဒအရ နုတ်ထွက်စာတင်ခဲ့ပြီး သမ္မတရုံးကလည်း ယင်းနှစ် မေလ ၁၉ ရက်နေ့တွင် နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

ဦးမင်းထင်အောင်ဟန် ရာထူးမှနုတ်ထွက်လိုက်ပြီးနောက် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးနေရာကို ပြန်လည်ခန့်အပ်နိုင်ခြင်းမရှိသေးဘဲ ဘဏ္ဍာရေး၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က ပူးတွဲတာဝန် ထမ်းဆောင်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အမည်စာရင်း တင်သွင်းထားသည့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးနေရာအတွက် လာမည့်တနင်္လာနေ့တွင် ကျင်းပမည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်နယ်လွှတ်တော်၌ အတည်ပြုမှုရယူ၍ သမ္မတရုံးသို့ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောကြားသည်။ 

R-21