News

POST TYPE

POLITICAL

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၆ ရက် စထုတ်ချေးမည်
02-May-2019


ရန်ကုန်၊ မေ ၁

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးမည့် ၂၀၁၉ ခုနှစ်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများထံ မေလ ၆ ရက်နေ့တွင် စတင်ထုတ်ချေးမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ချေးငွေထုတ်ပေးခြင်းကို ၂၀၁၉ ခုနှစ် မေလမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးမည်ဖြစ်ပြီး ချေးငွေပြန်လည် ပေးဆပ်ခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားပေးဆပ်ရမည် ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ထံမှ သိရသည်။

ချေးငွေနှုန်းထားများမှာ စပါးသီးနှံ တစ်ဧကကို ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံ တစ်ဧကကို ကျပ်တစ်သိန်းနှုန်းဖြင့် ယခင်နှစ်ကဲ့သို့ တောင်သူတစ်ဦးချင်း ၎င်းတို့ ပိုင်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်သို့အပေါင် အဖြစ်ပေးအပ်၍ တောင်သူတစ်ဦးချင်း ကိုယ်တိုင် အာမခံသည့်စနစ်ဖြင့် ထုတ်ချေးမည်ဖြစ်သည်။

“စာရင်းတွေတော့ ကောက်နေပြီ။ ချေးဖို့စာရင်းပေးပြီးပြီ။ ကျွန်တော်က နှမ်းကို ဧကနှစ်ဆယ်လောက် စိုက်တာဆိုတော့ တစ်ဧကကို စိုက်စရိတ်ချေးငွေတစ်သိန်းက အလုပ်သမားခ၊ မြေဩဇာဝယ်ရတာနဲ့ အမှန်တကယ်တွက်ကြည့်ရင် မလောက်ပါဘူး”ဟု ပခုက္ကူမြို့နယ်မှ ဆီထွက်သီးနှံ စိုက်တောင်သူ ဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိအစိုးရကာလ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ်တစ်သိန်းမှ ကျပ်တစ်သိန်းခွဲသို့လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်းသို့လည်းကောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းသို့လည်းကောင်း ချေးငွေနှုန်းထားများကို သုံးကြိမ်တိုးမြှင့်ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

တောင်သူများအနေနှင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ရပ်ကွက်။ကျေးရွာအုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က အသိပေးကြေညာထားသည်။

J-11


  • VIA