News

POST TYPE

POLITICAL

နေ့တိုင်း အလုပ်သမားနေ့ပါ (Vol-7/No-18)
01-May-2019
ယမန်နေ့ကကျရောက်သော ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)နေ့တွင် နိုင်ငံတော်သမ္မတက အလုပ်သမားနေ့ အခမ်းအနားသို့ နှစ်စဉ် ပို့နေကျအတိုင်း သဝဏ်လွှာပေးပို့ခဲ့ရာတွင် အလုပ်အကိုင်ရရှိရေးနှင့် အလုပ်သမား အခွင့်အရေးကိစ္စကို ၎င်းအစိုးရအဖွဲ့အနေနှင့် အလေးထား လုပ်ဆောင်နေကြောင်း ပြောကြားသွားပါသည်။

အလုပ်သမား အခွင့်အရေးကိစ္စတွင် သမ္မတက ပြည်ပသို့ရောက်ရှိနေသော မြန်မာလုပ်သားများကို အကာအကွယ်ပေး စောင့်ရှောက်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံများတွင် အလုပ်သမား သံအရာရှိကြီးများ ခန့်အပ်ပြီး မြန်မာသံရုံးနှင့်ပူးပေါင်းကာ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသလို ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများအတွက်လည်း ILO, IOM အကူအညီများနှင့် ထောက်ပံ့ကူညီရေး ဗဟိုဌာနများဖွင့်ပြီး ဆောင်ရွက်ပေးနေကြောင်း စသည်ဖြင့် ပြည်တွင်းနှင့် ပြည်ပဟူ၍ နှစ်ပိုင်းခွဲကာ ရှင်းပြသွားသည်ကို တွေ့ရပေသည်။

ယခင်ခေတ်ကာလက ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများအနေနှင့် အစိုးရမဟုတ်သော အန်ဂျီအိုများ၏ အကူအညီဖြင့်သာ ၎င်းတို့၏ အခွင့်အရေးကိစ္စနှင့် အခြားသော ပြဿနာများကို ဖြေရှင်းခွင့်ရှိခဲ့ရာမှ သည်ဘက်ခေတ်တွင် ပြည်ပသို့ သံအရာရှိများခန့်အပ်ပြီး မိမိတို့သံရုံးများနှင့် လက်တွဲဖြေရှင်းလာနိုင်ခြင်းသည် မြန်မာ့အလုပ်သမား လောကအတွက် တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်ဟု ဆိုရပေမည်။ အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြသော မြန်မာအလုပ်သမားများအနေနှင့် တစ်ချိန်တစ်ခါက အလုပ်သမား ပြဿနာနှင့်ပတ်သက်၍ မိမိတို့သံရုံး စွမ်းဆောင်ရည် (အားထားနိုင်မှု) မည်မျှထိသာရှိသည်ကို အသိဆုံးဖြစ်ကြပါလိမ့်မည်။ 

ယနေ့ ဒီမိုကရေစီအစိုးရ ဦးဆောင်သော အချိန်ကာလတွင် ယခင်ကထက် အလုပ်သမားများ၏ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းအားထုတ်မှုများ မြင်တွေ့လာရသည်မှာ မှန်သော်လည်း လိုအပ်ချက်များစွာ ရှိနေပါသေးသည်။ ပြည်ပ ရေကြောင်းကုမ္ပဏီများ ပိုင်ဆိုင်သည့် ပင်လယ်ကူးသင်္ဘောများတွင် တက်ရောက်လုပ်ကိုင်နေကြသော မြန်မာသင်္ဘောသားများအနေနှင့် အခြားနိုင်ငံများမှ သင်္ဘောသားများနည်းတူ အခွင့်အရေး ရရှိရေးကအစ ပြည်ပရောက် မြန်မာလုပ်သားများ အခြားလုပ်သားများနည်းတူ အခွင့်အရေးရရှိရေးတို့အတွက် အစိုးရအနေနှင့် ပိုမိုကြိုးပမ်းရမည်သာဖြစ်သည်။ 

နိုင်ငံများ တည်ရှိနေသေးသရွေ့ ကုန်သွယ်ရေး၊ နည်းပညာနှင့် စက်မှုကုန်ထုတ်လုပ်ရေး အပါအဝင် စီးပွားရေး လုပ်ငန်းကြီးများ ရှိနေသေးသရွေ့ အလုပ်သမားများအရေးကိစ္စ (အလုပ်သမား အခန်းကဏ္ဍ) လည်း ဆက်ရှိနေမည်သာ ဖြစ်သည်။ အလုပ်သမား ပြဿနာများနှင့် အခွင့်အရေးကိစ္စများက တိုင်းပြည်စီးပွား တိုးတက်မှုအတွက် အဟန့်အတားများဖြစ်သည်ဟု မရှုမြင်မိစေရန် အထူး အရေးကြီးပေသည်။ အကြောင်းမှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်သည်၊ စီးပွားရေးကောင်းမွန်သည်ဆိုသော ကိစ္စကို ဂုဏ်သိက္ခာရှိသော လုပ်ငန်းခွင်၊ ဖူလုံမှုရှိသော လူမှုဘဝကို ပိုင်ဆိုင်သည့် အလုပ်သမား လူထုရှိမှသာ ဆောင်ကြဉ်းနိုင်မည်ဖြစ်၍ပင်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် တည်ငြိမ်အေးချမ်းသော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေးတွင် အလုပ်သမားများအတွက် အလုပ်လုံခြုံမှု၊ အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိမှုမှအစ လူမှုဘဝ တိုးတက်ကောင်းမွန်ရေးအတွက် ထိရောက်မှု ရှိသည့်မူဝါဒများနှင့် ပြုပြင်ပြောင်းလဲမှုများကို နေ့တိုင်း အလုပ်သမားနေ့အဖြစ် သဘောထားကာ ဝိုင်းဝန်းလုပ်ဆောင်ကြရမည့်အကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၁-၅-၂၀၁၉)