News

POST TYPE

POLITICAL

မန္တလေး၌ ဂျပန်လျှပ်စစ်စက်ဘီးများ ထုတ်လုပ်ရောင်းချမည်
27-Apr-2019
မန္တလေး၊ ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်စက်မှုဇုန်ရှိ စက်ဘီးစက်ရုံတွင် ဂျပန်ကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုဖြင့် Made in Myanmar တံဆိပ်ကပ်နှိပ်ကာ ၂ နှစ်အတွင်း လျှပ်စစ်စက်ဘီးများ ထုတ်လုပ်၍ ပြည်တွင်း ပြည်ပသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ (MIMC) ထံမှ သိရသည်။

Japan Myanmar Association (JMA) သည် မြန်မာနိုင်ငံတွင် လျှပ်စစ်စက်ဘီး ထုတ်လုပ်တပ်ဆင်ခြင်းလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံ၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း MIMC ထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်စက်ဘီးများ တပ်ဆင်ထုတ်လုပ်နိုင်ရန် မန္တလေး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ (MIMC) နှင့် Japan Myanmar Association (JMA), Myanmar Economy and Management Institute (JMA-MEMI), Senior Principal Researcher Hiroyuki MIY ANO နှင့် လျှပ်စစ်စက်ဘီး ထုတ်လုပ်ကျွမ်းကျင်သူပညာရှင် ၃ ဦးတို့သည် ဧပြီလ ၂၆ ရက်နေ့တွင် မန္တလေးစက်မှုဇုန် ရွှေအိုးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် လျှပ်စစ်စက်ဘီးနှင့် ပတ်သက်သော အပိုပစ္စည်းများကို မန္တလေးစက်မှုဇုန်ရှိ အသေးစား စက်မှုလက်မှု လုပ်ငန်းများကို ဂျပန်ကုမ္ပဏီများက နည်းပညာ အကူအညီပေး၍ စံချိန်၊ စံညွှန်းနှင့်အညီ ထုတ်လုပ်ပေးနိုင်ရန်နှင့် အခြားကိစ္စရပ်များကို စီမံခန့်ခွဲရေးကော်မတီနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း ဦးမောင်မောင်ဦးက ဆိုသည်။

“ဂျပန်ကနေ နည်းပညာမြင့်တဲ့ လျှပ်စစ်စက်ဘီးတွေကိုလာပြီး ရင်းနှီးမြှုပ်နှံတာကို ကြိုဆိုရမှာပေါ့ဗျာ။ နည်းပညာတွေရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်။ လုပ်ပေးလို့ရနိုင်တာ လုပ်ပေးမှာပါ”ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမောင်မောင်ဦးက ပြောကြားသည်။

M-08